မြစ်ကြီးနား နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်များအတွင်း ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိကြသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဗန်းမော်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်နန်းရပ်ကွက် အီဒါကွင်းအတွင်းရှိ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၀)တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆောင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ခြုံစောင်များကို မိသားစုအလိုက် တတ်နိုင်သလောက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိသားစုများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၀)တို့အတွက် ဆန်(၆)ပြည်ပါအိတ် (၉၀)အိတ်၊ ဆီ(၆၀)ကျပ်သားဘူး (၉၀)နှင့်ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကာ အိမ်ထောင်စုများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး သက်ကြီးပုဂ္ဂိုလ်များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
အလားတူ ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၄)နှင့် နယ်မြေ (၁၅)အတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၂)နှင့် (၃)သို့လည်း သွားရောက်ပြီး စခန်းများအတွင်းရှိ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စခန်း (၂)အတွင်းရှိ အိမ်ထောင်စု (၄၄) စုတို့အတွက် ဆန် (၆)ပြည်ပါ အိတ် (၄၄)အိတ်၊ ဆီ (၆၀)ကျပ်သားဘူး (၄၄)ဘူးနှင့် ကြက်ဥများကိုလည်းကောင်း၊ စခန်း (၃) အတွင်းရှိ အိမ်ထောင်စု (၁၀၀)တို့အတွက် ဆန် (၆)ပြည်ပါအိတ် (၁၀၀)၊ ဆီ (၆၀)ကျပ်သားဘူး (၁၀၀)နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးက ယခုလိုမိသားစုများအတွက် အလျဉ်းသင့်သလို ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း လစဉ်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ကာ သက်ရွယ်ကြီးသည့် ဘိုး/ဘွားများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။


