ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဂီတ၊ တူရိယာနှင့်အကများ အနုပညာတက္ကသိုလ်သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုကို အားပေးကြည့်ရှု

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဂီတ၊ တူရိယာနှင့်အကများ အနုပညာတက္ကသိုလ်သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုကို အားပေးကြည့်ရှု

မြစ်ကြီးနား     မေ ၉

          ကချင်တိုင်းရင်းသားတို့၏ ဂီတ၊ တူရိယာနှင့် အကများကို သက်ဆိုင်ရာတိုင်းရင်းသားဆရာ၊ ဆရာမဖြင့်သင်ကြားကာ မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်း ပြန့်ပွားရေး၊ ဂီတအနုပညာများ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် သင် ကြားနိုင်ရေး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်း၍ မေလ ၈ ရက်နေ့က မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ဇိုင်ဝါးတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ဂီတ၊ တူရိယာတီးခတ်ခြင်းနှင့် ရိုးရာအကများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခဌာနမှူး(ဂီတ)ဦးဇော်ဝင်းမင်းနှင့် အဖွဲ့ဝင်များက သုတေသနပြု မှတ်တမ်းတင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဇိုင်ဝါးရိုးရာ ယဉ်ကျေးမှုအဖွဲ့ အတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

          အဆိုပါ တိုင်းရင်းသားတို့၏ အက၊ ဂီတအနုပညာများကို သင်ရိုးညွှန်းတမ်းပြုစုနိုင်ရေးအတွက် မြစ်ကြီးနားမြို့ရှိ ကချင်တိုင်း ရင်းသား စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့(၆)ဖွဲ့မှ တာဝန်ရှိသူများ နှင့် မေ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်ရိုးညွှန်းတမ်း ထည့်သွင်းရေးဆွဲပြီးပါက ဒေသခံတိုင်းရင်းသားများကို နည်းပြ ဆရာ၊ ဆရာမများအဖြစ် အနုပညာ တက္ကသိုလ်များတွင် ခန့်ထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ တက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ အက၊ ဂီတ အနုပညာများကို သင်ကြားပေးနိုင် ခြင်းအားဖြင့် ရိုးရာအမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲလာစေပြီး မျိုးဆက်သစ်များကို လက်ဆင့် ကမ်းထိန်းသိမ်းနိုင်မည်ဖြစ်ကာ ရိုးရာယဉ်ကျေးမှု ဂီတအကအနုပညာများ ပိုမိုသိရှိနားလည်လာစေပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာလာစေမည် ဖြစ်ကြောင်းသိရှိရသည်။