ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်‌ဆောက် ပြီးစီးသည့် ဧရာဝတီ ဧည့်ရိပ်သာအဆောက်အအုံသစ်ဖွင့်လှစ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်‌ဆောက် ပြီးစီးသည့် ဧရာဝတီ ဧည့်ရိပ်သာအဆောက်အအုံသစ်ဖွင့်လှစ်

မြစ်ကြီးနား     မေ ၉

          ကချင်ပြည်နယ်သို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အရေးကြီးပုဂ္ဂိုလ်များ လာရောက်ပါက တည်းခိုဧည့်ခံနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့ သည့် မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ ဧရာဝတီဧည့်ရိပ်သာ ဖွင့်ပွဲအခမ်းအနားကို မေ ၉ ရက် နံနက် ၉ နာရီတွင် အဆိုပါအဆောက်အအုံရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က တက်‌ရောက်ဖွင့်လှစ်ပေးကြသည်။

          ရှေးဦးစွာ ဧရာဝတီ ဧည့်ရိပ်သာအဆောက်အအုံသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်  ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်ရိပ်သာ ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဧည့်ရိပ်သာဆိုင်းဘုတ် ကိုအမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးကြကာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊   ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများသည် ဧရာဝတီဧည့်ရိပ်သာအတွင်း အရေးကြီးပုဂ္ဂိုလ်တည်းခိုဆောင်၊ ဧည့်တွေ့ခန်းမ၊ အစည်းအဝေးခန်းမ၊ အိပ်ခန်းဆောင်များ၊ စားသောက်ခန်းမ၊ ရုံးခန်းများဖြင့် ဖွဲ့စည်းတည်ဆောက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လိုအပ်ချက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများနှင့် ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် မှန်ကန်မှုရှိစွာ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်ရေး ဝိုင်းဝန်းစိစစ်၍ အကြံပြုဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုတူးဖော်ရေး၊ အစိုးရကခွင့်ပြုသော အခြားလုပ်ငန်းများနှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် တင်ပြလျှောက်ထားလာမှုများကို ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည်နယ်ကော်မတီမှ စိစစ်ခွင့်ပြုပေးရန်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ လုပ်ငန်းစာတွဲ တစ်ခုခြင်းအလိုက် စိစစ်၍  ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။