ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မြစ်ကြီးနားယူနန်ဘုံကျောင်း တရုတ်လူငယ်များက ပူးပေါင်းကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ မြစ်ကြီးနားယူနန်ဘုံကျောင်း တရုတ်လူငယ်များက ပူး ပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင် ပြည်နယ်အတွင်း အတူတကွ ပေါင်းစည်းနေထိုင်ကြသည့် ညီအကိုများအချင်းချင်း ပိုမိုချစ်ခင်လေးစား ပြီး စည်းလုံးညီညွတ်မှုရှိစေရေး၊ ဘောလုံး အားကစားနည်းအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ပြီး ပြည်နယ်ဂုဏ်ကို ဘောလုံးအားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး စသည့် ကောင်းမွန်ပြည့်ဝသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ် သည့်အတွက် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ယခုလို ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး ကိုယ်တိုင်ကိုယ်ကျလေ့လာလိုက်စားကာ ကျန်းမာကြံ့ခိုင်သော ဗလ(၅)တန်နှင့် ပြည့်စုံသော လူငယ်များစွာ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရေး အားလုံးက ဝိုင်းဝန်းကြိုးစားပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားယူနန်ဘုံကျောင်း၊ လူငယ်တာဝန်ခံက ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ဘောလုံးပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလအောင်၊ မြစ်ကြီးနားယူနန်ဘုံကျောင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တရုတ်လူငယ်တာဝန်ခံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြိုင်ပွဲဝင်ဘောလုံးအသင်း (၆)သင်းအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် ဒေသခံတိုင်းရင်းသူ အဆိုတော်များ၏ သီဆိုဖျော်ဖြေမှု၊ တရုတ်ရိုးရာအကအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်ပွဲစဉ်အဖြစ် နောင်နန်းလူငယ်အသင်းနှင့်မြစ်ကြီးနားတက္ကသိုလ်အသင်းတို့စတင်ယှဉ်ပြိုင်ကစားနိုင်ရေး ဘောလုံးအားကွင်းအတွင်းသို့ ကန်သွင်းဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြစ်ကြီးနား ယူနန်ဘုံကျောင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘောလုံး အားကစားဝါသနာရှင်များနှင့်အတူ ဘောလုံးပြိုင်ပွဲအားအားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ကဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။