မြစ်ကြီးနား ဖေဖော်ဝါရီ ၆
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ မြန်မာ့သိုင်းစွမ်းရည်ပြပွဲအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသူလေးများနှင့် နိုင်ငံနှင့် ပြည်နယ်လက်ရွေးစင် မြန်မာ့သိုင်းသမားများက ပြည်ထောင်စုမြန်မာနိုင်ငံအလံအား သယ်ဆောင်၍ ဘောလုံးကွင်းအတွင်း ဝင်ရောက်လာခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သိုင်းအားကစားနည်းအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏ ဇာတိမာန်စိတ်ဓာတ်တို့ကို အဓိကဖော်ကျူးပြသသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်၏ မြန်မာ့သိုင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရွှေတံဆိပ်ကိုရရှိခဲ့သည်ကို ဂုဏ်ယူပါကြောင်း၊ ဒါ့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် စနစ်တကျသင်ယူလေ့လာပြီး မြန်မာ့သိုင်းပညာများကို ရှင်သန်တိုးတက်ရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် မြန်မာ့သိုင်းစွမ်းရည်များကိုပြသရာ ကျောင်းသူလေးများစုပေါင်း၍ မြန်မာ့သိုင်းစွမ်းရည် (၆၃)ကိုးမောင်းကိုလည်းကောင်း၊ ပြည်နယ်နှင့် နိုင်ငံ့လက်ရွေးစင် မြန်မာ့သိုင်းကစားသမားများနှင့် မျိုးဆက်သစ်လူငယ်များက မြန်မာ့ဓါးတစ်လက် တစ်ကိုယ်တော်စွမ်းရည်၊ လက်နက်မဲ့ ဓါးရှည် ဗန်ဒို၊ အဖွဲ့လိုက် ဗန်ဒိုသိုင်း၊ အဲမောင်းလှံရှည်၊ လက်နက်မဲ့တိုက်ခိုက်ခြင်း၊ ဓားရေးအဖွဲ့လိုက်၊ မြန်မာ့ဓါးရေးဇရပ်တောင်ပျံ၊ လှံရှည်လက်နက်မဲ့၊ ဝိုင်းကြီးထွက်အဆင့်မြင့်သိုင်း၊ တုတ်ရှည်သိုင်း စသည့် သိုင်းစွမ်းရည်များကို လည်းကောင်း၊ မြန်မာ့သိုင်းပညာရှင် ဆရာကြီးဦးချစ်သူက မြန်မာ့ဓါးရေး စွမ်းရည်ပြသမှုများကို လည်းကောင်း အားပေးကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သိုင်းဆပ်ကော်မတီနှင့် စွမ်းရည်ပြအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ချီးမြှင့်ငွေကျပ် ၃ သိန်းနှင့် စွမ်းရည်ပြပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့ကြသော ရှမ်းတိုင်းရင်းသားရိုးရာအဖွဲ့အတွက် ချီးမြှင့်ငွေ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက မူလတန်းကျောင်းသား/ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်တစ်ရပ်ဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများမှ မူလတန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးရေးအစီအစဉ်ဖြင့် ကျွေးမွေးဆောင်ရွက်လျက် ရှိရာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျောင်းသားကလေးငယ်ဦးရေ (၉၃)ဦးတို့ အားလည်းကောင်း၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကလေးငယ် ဦးရေ (၆၃) ဦးတို့အားလည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာသင်ဆောင် များ၌ ကလေးငယ်ဦးရေ (၅၅)ဦးတို့အားလည်းကောင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် အာဟာရပြည့်ဝသည့် အစားအစာများကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အခြေခံပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းပေါင်း (၇၈)ကျောင်းရှိ မူလတန်းကလေးငယ်ပေါင်း (၃၁၀၀)ကျော်တို့အား ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် (၂)ကြိမ်၊ ယခုတစ်ကြိမ် ဖြင့် (၃)ကြိမ် ကျွေးမွေးဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်၊ မြေရိုင်းဧရိယာ (၄၀၀)ကျော်အတွင်း မြစ်ကြီးနားမြို့၌ ပထမဆုံး တည်ထောင်ဖွင့်လှစ် သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာ၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ကိုက်ညီစေရေး လျာထားသည့် ကွန်ပျူတာတက္ကသိုလ်မြေနေရာများ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ရုံး မြေနေရာများ လျထားသတ်မှတ်ထားသည့် မြေဧရိယာသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။
အဆိုပါ မြေဧရိယာအတွင်း ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လမ်းစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး ဦးမင်းဆွေကလည်းကောင်း၊ ဌာနဆိုင်ရာများမှ တင်ပြလျှောက်ထားလာသည့် မြေနေရာများအတွက် လျာထားတင်ပြချက်အခြေအနေများနှင့် စပ်လျဉ်း၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြေယာလျှောက်ထားမှုများနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဗဟိုကော်မတီသို့ အမြန်ဆုံး စိစစ်တင်ပြနိုင်ရေး၊ လမ်းလုပ်ငန်းများတွင် ပိုမိုစနစ်ကျသော အကွက်ချပုံစံကို ပေါ်လွင်အောင်ဆောင်ရွက်ပေးရေးနှင့် ဘောလုံးကွင်း၊ ပန်းခြံအပါအဝင် ဈေးဧရိယာများ ထည့်သွင်းလျာထားသတ်မှတ်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် အဆိုပါ မြေဧရိယာအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အား/ကာသိပ္ပံပတ်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း (၁ ဒဿမ ၉ ) ကီလိုမီတာ ဆောင်ရွက်နေမှု၊ ဇခုန်လမ်း အပိုင်း(၂) ကျောက်ချောလမ်း (၂ ဒဿမ ၀၄) ကီလိုမီတာ ဆောင်ရွက်နေမှု၊ အဆိုပါ လမ်းပိုင်းအတွင်း ကွန်ကရစ် ရေကျော်တံတား တည်ဆောက်နေမှုအခြေအနေများ၊ ကျေးရွာပိုင်မြေအဖြစ် အစားထိုးပြန်လည်ချထားပေးမည့် မြေဧရိယာ ရှင်းလင်းပြီးစီးမှု၊ လမ်းအကျယ်သတ်မှတ်၍ ကျောက်ချောလမ်းဆောင်ရွက်သွားမည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။





