ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့၌ ဝဏ္ဍကျော်ထင်ဦးဂူရှင်ခန်းမသစ်ဖွင့်လှစ်ပေး၊ မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ရီဒမ်းတံတားသစ် တည်ဆောက်နေမှုအခြေအနေများနှင့် နောင်မွန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နောင်မွန် မတ် ၃


မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့် မိုးစပါးနှင့်အတူ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပူတာအိုခရိုင်၊ နောင်မွန်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်မွန်- မဂွေဇ- ခေါင်လန်ဖူးလမ်းအခြေအနေအား မတ် ၃ ရက် နံနက် ပိုင်းကသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာနံနက်၇နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့်အတူ နောင်မွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေကျပ် (၁၅၆ ဒဿမ ၉)သန်းဖြင့် တည်ဆောက်ပေးခဲ့သော (၈၀ ပေ)၊ (၃၀ပေ)ရှိ မြို့နယ်ခန်းမသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ခန်းမသစ်ကို နောင်မွန်ဒေသတွင် လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီးကာလများတွင် တောင်အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်မြေကျွမ်းကျင်မှု၊ ဩဇာအာဏာသက်ရောက်မှုရှိခြင်း၊ စာပေတတ်မြောက် ကျွမ်းကျင်ကာ အုပ်ချုပ်ရေးတာဝန်များ၊ စာရင်းဇယားများနှင့် စစ်တမ်းများကို စနစ်တကျဆောင်ရွက်နိုင်ခဲ့ခြင်းစသည့် အုပ်ချုပ်ရေးစွမ်းရည်ပြည့်ဝခြင်းတို့ကြောင့် ၁၉၅၆ ခုနှစ် လွတ်လပ်ရေးအောင်ပွဲတွင် နိုင်ငံတော်အစိုးရက ဝဏ္ဍကျော်ထင်ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသော ဒေသခံ ဦးဂူရှင်ဖုန်အား ဂုဏ်ပြုအမည်မှည့်ခေါ်ထားသည့် ဝဏ္ဍကျော်ထင် ဦးဂူရှင်ဖုန်ခန်းမသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့မိမြိုဖ ဦးဂျီဖုန်ဆားရ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ခန်းမအတွင်း (၆၃)ကြိမ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်ပ ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် သီရိသုဓမ္မ သတိုးမဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံ ရဝမ်နှင့် လီဆူ တိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နောင်မွန်မြို့မှတစ်ဆင့် မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း ထွက်ခွာခဲ့ကြပြီး ဆန်းလွတ်ချက်တောင်ထွဋ် အမြင့်ပေ ၇၇၀၀ ၌ ဒေသ၏ တောတောင်ရေမြေသဘာဝအလှ များနှင့် လမ်းတစ်လျှောက် လမ်းပြုပြင်ဖောက်လုပ်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရီဒမ်းကျေးရွာအတွင်း မလိခ မြစ်ပေါ်ရှိ ရီဒမ်းကြိုးတံတား၏ ကြံ့ခိုင်မှုအခြေအနေများနှင့် မေခမြစ်ရေစီးဆင်းမှု အခြေအနေများ၊ ရီဒမ်းကြိုး တံတားအဆင်းလမ်းမှတစ်ဆင့် တံတားအမှတ် (၁/၄၄) ရီဒမ်းတံတားတံတားသစ်အတွက် ဖောက်လုပ်ထားသည့် ချဉ်းကပ်လမ်း အရှည်ပေ (၁၅၀၀)ကျော်အား မြေသားလမ်းဖောက်လုပ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြကာ လမ်းမပေါ်ရှိ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ရေတံခွန်ငယ်အား ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်အဖွဲ့ (၁)၊ တံတားအထူးအဖွဲ့ (၁)၏ ရီဒမ်းတံတားသစ် (၆၀၀)ပေ တည်ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်မှတစ်ဆင့် မြစ်တစ်ဖက်ကမ်းရှိ ကမ်းကပ်ခုံနှင့် ရေလယ်တိုင်များ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ကမ်းကပ်ခုံသစ် (A2) တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တံတားတည်ဆောက်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်ရေးအတွက် အရှည်ပေ (၆၀၀)ရှိ သံကူကွန်ကရစ်ရေလည်တိုင်နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ သံဘောင်ဘေလီတံတားအဖြစ် တံတားခံနိုင်ဝန် (၂၀)တန်ရှိ တံတားအမှတ် (၁/၄၄) ရီဒမ်းတံတားသစ်အား ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တံတားသစ်ချဉ်းကပ်လမ်းဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တံတားသစ်ဆောက်လုပ်ပြီးစီးပါက ခေါင်လန်ဖူးဒေသသို့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်စေမည်ဖြစ်သည့်အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် ချဉ်းကပ်လမ်းပါတစ်ပါတည်း တည်ဆောက်ပြီးစီးရေး လိုအပ်ချက်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တံတားတည်ဆောက်ရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ရီဒမ်းကျေးရွာသို့ ထွက်ခွာခဲ့ကြပြီး ကျေးရွာအတွင်း ခေါင်လန်ဖူးမြို့နယ်မှ ဝန်ထမ်းများ၊ မြို့မိမြိုဖ များ၊ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသခံများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရင်းနှီးမတည်ငွေများ ပံ့ပိုးကူညီသွားမည့် အစီအစဉ်များနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား ချီးမြှင့်ငွေများကိုလည်းကောင်း၊ ခေါင်လန်ဖူးမြို့နယ်ပြည်သူ့ဆေးရုံအတွက် ဆေးဝါးပစ္စည်းမျိုးစုံကိုလည်းကောင်း၊ ဌာနေပြည်သူ့စစ်များအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ခေါင်လန်ဖူးဒေသ၏ အဓိကစိုက်ပျိုးရေးသီးနှံ ထွက်ကုန်ဖြစ်သည့် ရှောက်ကောသီးနှံအိတ်များစုဆောင်းသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရီဒမ်းကျေးရွာမှ မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း ပြန်လည်ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက် သဘာဝတောတောင်ရေမြေအလှအပများ၊ တောင်ကျရေတံခွန်ငယ်များနှင့် လှေကားထစ်ပုံစံ မိုးစပါး စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညပိုင်းတွင် နောင်မွန်မြို့ ဝဏ္ဍကျော်ထင်ဦးဂူရှင်ဖုန်ခန်းမ၌ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နောင်မွန်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ရပ်ကွက်/ ကျေးရွာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းကော်မတီတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သမဝါယမအသင်းစုလုပ်ငန်းများ အခြေအနေများနှင့် တတိယနှစ်စက်ဝန်းအတွက် တောင်သူများမှ တိုးမြှင့်ရယူလိုသည့် ရင်းနှီးမတည်ငွေ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရေတို/ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် နောင်မွန်ဒေသ စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ကို ပထမနှစ်စက်ဝန်းတွင် သိန်းပေါင်း ၁၂၀၀ ကျော်၊ ဒုတိယနှစ်စက်ဝန်းမှ သိန်းပေါင်း ၂၃၀၀ ကျော် ရင်းနှီးမတည်ပေးနိုင်ခဲ့ပြီး လာမည့်တတိယနှစ်စက်ဝန်းအတွက်ကိုလည်း တင်ပြတောင်းဆိုထားသည့် ရင်းနှီးမတည်ငွေများ အပါအဝင် နောင်မွန်ဒေသအတွက် သိန်းပေါင်း ၅၀၀၀ ထိ ရှိလာမည်ဖြစ်သည့်အတွက် အဆိုပါ ရင်းနှီးမတည်ငွေများဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပုံမှန်လည်ပတ်နိုင်မည်ဆိုပါက ဒေသအတွက် အကျိုးဖြစ်ထွန်းလာစေမည်ဖြစ်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဆီထွက်သီးနှံ ဆီမုန်ညှင်း စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးကို ကြိုးစားကြစေလိုပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဒေသတွင်း တောင်သူများ၏ နည်းပညာလိုအပ်ချက်၊ သွင်းအားစုလိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးရန် အလေးအနက်ထား ဆောင်ရွက်သွားကြရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။