ကချင်ပြည်နယ်ဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်၊ မန်ခိန်ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ယာယီတိမ်းရှောင်မိသားစုများအတွက် နေအိမ်တန်းလျားများ ဆောက်လုပ်ပေးနေမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၂၂

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ပြည်နယ်အတွင်းရှိ ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးအတွက် စီမံကိန်းလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများအလိုက် ကော်မတီများဖွဲ့စည်းပြီး ‌စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မတ် ၂၁ ရက် မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာနရုံး လေကျင့်ပျိုးထောင်ရေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးရွာ (၁၄)ခုတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ယခုလို စီမံကိန်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှု နည်းပညာရပ်များတတ်မြောက်ပြီး လုပ်ငန်းထူထောင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးမှုကြောင့် တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများမှ တစ်ဆင့်အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အခြေခံနှင့် မွမ်းမံသင်တန်းများဖြစ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ ကိတ်နှင့်ပေါင်မုန့် ပြုလုပ်နည်းသင်တန်း၊ မုန့်အကြော်သင်တန်းများအတွက် လုပ်ငန်းသုံးအထောက်အကူပြုပစ္စည်းများကို ရပ်ကွက် (၄)ခုမှ ကော်မတီအဖွဲ့ဝင်များထံ ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၁၁)၊ ကွင်းအမှတ် (၄) ရောရင်ကွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေနေရာ၌ ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော စန်းခါးကျေးရွာမှ အိမ်ထောင်စု (၅၀)တို့အတွက် ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ယာယီနေအိမ်တန်းလျားဆောက်လုပ်ပေးနိုင်ရေး ကွင်းဆင်းစစ် ဆေး ခဲ့ကြရာ မြေဧရိယာအတွင်း နေအိမ်တန်းလျားများ စတင်တည်ဆောက်နေမှု အခြေအနေများနှင့် မြေဧရိယာအတွင်း ရေဘုံဘိုင်၊ အိမ်သာများတည်ဆောက်နိုင်ရေးနှင့် လျှပ်စစ်မီးများသွယ်တန်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအမိုးအကာဖြင့် လုံခြုံစွာမိုးမကျမီနေအိမ်များ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေးအတွက် တာဝန်ရှိသူများအားမှာကြားကာ နေအိမ်တည်ဆောက်ပြီးစီးရေးအတွက် ကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်း ၂၀၀ ကျော်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။