မြစ်ကြီးနား မေ ၇
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးအတွက် Grade -12 ကျောင်းသား/ ကျောင်းသူများအား အခြေခံပညာအထက်တန်းကျောင်းများ၌ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် မေ ၇ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်၌ စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်သွားရောက်ခဲ့ကြပြီး ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခ ချုပ်များ၊ တာဝန်ရှိသူများက တက္ကသိုလ်ပင်မဆောင် အပါအဝင် တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ပန်းပင်များဖြင့် ဝေဆာစိမ်းလန်းစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဘွဲ့နှင်းသဘင်ခန်းမဆောင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကူညီဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များက ကျောင်း၌စခန်းသွင်းလေ့ကျင့် သင်ကြားပေးလျက်ရှိသည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ စာသင်ဆောင်များ၊ ထမင်းစားဆောင်နှင့်အိပ်ဆောင်များ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ကျောင်းစာသင်ခန်းများအတွင်း စခန်းသွင်းထားရှိသည့် Grade -12 ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်အလိုက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခများဦးစီး၍ သင်ကြားပို့ချပေးနေမှု အခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ Grade-12 ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်အလိုက် စခန်းသွင်း လေ့ကျင့်သင်ကြားပေးနေမှုများကို လည်းကောင်း၊ အလားတူ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌လည်း မြစ်ကြီးနားမြို့နယ်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်း၍ သင်ကြားသင်ယူမှုလုပ် ငန်းဆောင်ရွက်နေမှုများနှင့် ထမင်းစားဆောင်၊ အိပ်ဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သတ်မှတ် အချိန်ဇယားအလိုက် သင်ကြားဆောင်ရွက်သွားမည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာသင်ကြားနိုင်ရေးနှင့် စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရေး တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္မတီးရပ်ကွက်၊ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ Grade-12 ကျောင်းသား/ကျောင်းသူများအား စခန်းသွင်းထားရှိမှု အခြေအနေများနှင့် စာသင်ခန်းများအတွင်း သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုရခြင်းသည် ပိုမိုကောင်းမွန်သည့် အခွင့်အရေးပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆရာ/ ဆရာမကြီးများ၏ သင်ကြားမှုကို ကြိုးစားသင်ယူပြီး အောင်မြင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ အဆိုပါကျောင်းစာသင်ဆောင်များရှိ Grade-12 ကျောင်းသား/ကျောင်းသူများအတွက် အိပ်ဆောင်များ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ထမင်းစားဆောင်များ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၈၆၉၈)ဦး ဖြေဆိုခဲ့ကြပြီး ယခုဒုတိယအကြိမ် အဆိုပါ ကျောင်းသား/ ကျောင်းသူများအားလုံး ပြန်လည်ဖြေဆိုနိုင်ရေးအတွက် မြစ်ကြီးနားမြို့၌ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ချီဖွေ၊ တနိုင်းမြို့နယ်များမှ Grade-12 ကျောင်းသား/ ကျောင်းသူများအား အခြေခံပညာကျောင်း (၉)ကျောင်း၌ လည်းကောင်း၊ မိုးညှင်းခရိုင်အတွင်း မိုးညှင်းမြို့၊ မိုးကောင်းမြို့နှင့် ဟိုပင်မြို့ တို့ရှိ အခြေခံပညာကျောင်း (၆)ကျောင်း၌ လည်းကောင်း၊ ရွှေကူမြို့၌ လည်းကောင်း၊ ပူတာအိုခရိုင် အတွင်း ပူတာအို၊ မချမ်းဘော၊ နောင်မွန်မြို့တို့၌ လည်းကောင်း စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။





