ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကချင်ပြည်နယ်မှ အစွမ်းကုန်ကူညီမှုပေးနိုင်ရေးနှင့် ဒေသတွင်း သဘာဝဘေးအန္တရာယ်များ အတွက် ကြိုတင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၃၀

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကချင်ပြည်နယ်အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစွမ်းကုန်ကူညီမှုပေးနိုင်ရေးနှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ဆောင်ရွက်နိုင်ရေး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးတက်ရောက်လာသူများအားလုံးက ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံခဲ့ရမှုအတွက် (၁)မိနစ်ခန့် ငြိမ်သက်ဆုတောင်းခဲ့ ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ မြန်မာနိုင်ငံအတွင်း ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ရသော ဒေသအသီးသီးမှ ပြည်သူများအား နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိကူညီလျက်ရှိသည်ကို အားလုံးသိရှိထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ကချင်ပြည်နယ်အနေဖြင့်လည်း ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မိမိတို့၏ ပြည်ထောင်စုဘွား ညီအစ်ကိုတိုင်းရင်းသားများအတွက် ကူညီမှုပေးနိုင်ရေး အားလုံးက အစွမ်းကုန်ဖြင့် ထိရောက်စွာကူညီပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့ အပြင် မိမိတို့ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်သင့်သည်များကို အလေးအနက်အထား စုဖွဲ့ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ စနစ်တကျ စုဖွဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင်ဖြင့် တက်ရောက် ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ‌ ဒေသတွင်းသဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ ပေါ်ပေါက်လာပါက အရေးပေါ် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ကြိုတင်စုဖွဲ့ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ၊ ပြန်လည် ထူထောင်ရေးအတွက် စနစ်တကျ ပြင်ဆင်စုဖွဲ့ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြရာ တက်ရောက်လာကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကအဖွဲ့ဝင်များက သုံးသပ် ဖြည့်စွက် ရှင်းလင်းတင်ပြကြပြီး ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအတွက် အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်နယ်အစိုးရအဖွဲ့၏ မတည်အလှူငွေကျပ်သိန်း ၁၀၀၀ အပါအဝင် အလှူ ရှင်များ၊ ဌာနအဖွဲ့အစည်းများ၏ လှူဒါန်းငွေလက်ခံရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ကချင်ပြည်နယ်မှ အလှူငွေကျပ်သိန်း ၅၀၀၀ ပြည့်မီစွာ ထည့်ဝင်လှူဒါန်းနိုင်ရေး၊ ထို့အပြင် ဆက်လက်လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန်နှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် စုဖွဲ့ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။