မြစ်ကြီးနား ဧပြီ ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို (၃) ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများနှင့်ထပ်တူဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် (၁) မိနစ်တိတိ ငြိမ်သက်စွာ ဂါဝရပြုခဲ့ကြသည်။
ရှေးဦးစွာ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်းထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် MSME ထုတ်ကုန်များကို ပြည်သူများပိုမိုသိရှိပြီး အဖိုးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး၊ MSME လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရေး၊ ထုတ်ကုန်အမယ်သစ်များ တိုးတက်ထုတ်လုပ်ကာ သွင်းကုန်အစားထိုး ပိုမိုသုံးစွဲနိုင်စေရန်နှင့် ဈေးကွက်မြှင့်တင်နိုင်စေရေးအတွက် ယခုလိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အများပြည်သူလွတ်လပ်စွာ လာရောက်ကြည့်ရှုဝယ်ယူအားပေးကြရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် TOP အသင့်စားအသားခြောက်လုပ်ငန်းဆောင်ရွက်သူ ဦးမရန်ဇော်ယော်က ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပါဝင်ဆောင်ရွက်ရခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားပြီး MSME ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဘင်ခရာနှင့် ပန်းပွားအဖွဲ့များနှင့်အတူ မနောကွင်းအတွင်း ပြသရောင်းချပေးလျက်ရှိသည့် ဒေသတွင်းမှ အသေးစား၊ အလတ်စားနှင့်အငယ်စား ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဒေသထွက်စိုက်ပျိုးရေးထုက်ကုန်များ၊ ဒေသထွက်မွေးမြူရေးထုက်ကုန်များ၊ လူသုံးကုန်နှင့်တိုင်းရင်းဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ သမဝါ ယမနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ပယင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းလက်ဝတ်ရတနာများ၊ အဝတ် အထည်နှင့် ရိုးရာရက်ကန်းထည်များ၊ သစ်သားပန်းပုနှင့် ဝါး၊ ကြိမ်လက်မှုလုပ်ငန်းထုတ်ကုန်များ စသည့်တို့နှင့် ပြန်ကြား ရေးနှင့် ပညာရေးပြခန်းများအား လည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဒေသထွက် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို မနောကွင်းအတွင်း အဆိုပါ ပြခန်းများအပါအဝင် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများက ဈေးနှုန်းချိုသာစွာဖြင့် (၃) ရက်ကြာရောင်းချပေးသွားမည်ဖြစ်သည့်အပြင် ဒေသခံတိုင်းရင်းသားအဆိုတော်များ၏ စင်တင်တေး ဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါ ပြခန်းဆိုင်များအပါအဝင် ကျောက်စိမ်းလက်ဝတ်ရတနာအရောင်းဆိုင်များအနေဖြင့် ပွဲတော်အတွင်း ရောင်းချနိုင်သမျှအား ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မနက် ၈ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များ ပိတ်ရက်ရည်အား အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားသွားမည့် ကြက်ခြေနီသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ ဘင်ခရာသင်တန်းနှင့် ပန်းချီသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများ၏ သင်္ကြန်တေးသီချင်း အကအလှများဖြင့်ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၁၀ သိန်းနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ငွေကျပ် ၅ သိန်းစီကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်အလံတစ်ဝက်လွှင့်တင်ထားသည့် အလံတိုင်ရှေ့ မြက်ခင်းပြင်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ သူနာပြုသားဖွားနှင့် ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတောင်သူများ စုပေါင်း၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုခြင်းနှင့်အတူ ဥသြဆွဲဂါဝရပြုခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ မွန်းလွဲပိုင်း (၁)နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရာဂီမုန်တိုင်း မတိုင်မီကာလ ကချင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးသီးနှံ ပြန်လည်စိုက်ပျိုးမှုအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ရန်ပုံငွေချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကာ အခမ်းအနားမစတင်မီ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများနှင့် အတူဝမ်းနည်းခြင်း အထိမ်းအမှတ် (၁) မိနစ် ငြိမ်သက်ဂါဝရပြုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားခရိုင်၊ တနိုင်းခရိုင်နှင့် ဗန်းမော်ခရိုင်တို့တွင် ဧရာဝတီမြစ်ရေနှင့် ချောင်းရေ၊ အင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်သည့်အပေါ် မိုးစပါး၊ အစေ့ထုတ်ပြောင်းနှင့် အခြားမိုးသီးနှံစုစုပေါင်း (၁၀၀၇၃) ဧက ထိခိုက်ပျက်စီးခဲ့မှုအနက် မိုးစပါးစုစုပေါင်း (၆၃၇၃) ဧက ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါပျက်စီးဧကအပေါ် မိုးစပါး (၆၂၉၉)ဧကကို မိုးရာသီတွင် အချိန်မီပြန်လည်စိုက်ပျိုးခဲ့သည့် တောင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ချီးမြှင့်ငွေများကို ယနေ့အခမ်းအနားဖြင့် ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုးက ချီးမြှင့်ပေးအပ်ရခြင်းနှင့် ရေလျှံနစ်မြှုပ်ခဲ့မှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားခရိုင်အတွင်းရှိ မိုးစပါးပြန်လည်စိုက်ပျိုးခဲ့ကြသည့် တောင်သူများအတွက် ရန်ပုံငွေကျပ် (၈၈၀၀၀၀၀) ကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မိုးညှင်းခရိုင်အတွင်းရှိ တောင်သူများအတွက် ရန်ပုံငွေကျပ် (၆၅၂၅၀၀၀၀) ကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက တနိုင်းခရိုင်အတွင်းရှိ တောင်သူများအတွက် ရန်ပုံငွေကျပ် (၁၃၂၅၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်းရန်ပုံငွေကျပ် (၈၇၃၀၀၀၀၀) ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ တောင်သူများ ကိုယ်စားမြစ်ကြီးနားမြို့နယ် ပမ္မတီးအနောက်မြောက်ကွင်းအတွင်းရှိ တောင်သူဦးချစ်ဆွေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အလားတူ ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယနေ့ကျင်းပသည့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြပွဲနှင့်ဈေးရောင်းပွဲတော် ဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်နိုင်ရေး၊ ဆိုင်ခန်းများနေရာချထားမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အဆိုပါပွဲတော်ကျင်းပမည့် စီတာပူရပ်ကွက် မနောကွင်းအတွင်း မြက်ခင်းပြင်တွင် ပြခန်းများနှင့် အရောင်းဆိုင်များ နေရာသတ်မှတ်ချထားပေးမှု၊ ကြိုတင်ခင်းကျင်းဆောင်ရွက်နေမှုများနှင့် ပြန်ကြားရေးနှင့် ကျန်းမာရေးဆောက်ရှောက်မှုဌာနများ ဖွင့်လှစ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။










