ကချင်ပြည်နယ်ဝန်ကြီးချုပ် ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များက ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် တရုတ်ယွမ်ငွေ ၄၅၁၄၇၁ တန်ဖိုးရှိ စားသောက်ကုန်လာရောက်လှူဒါန်းမှုကို လက်ခံရယူ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငလျင်ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် တတိယအကြိမ်အဖြစ် ငွေကျပ် (၄၈၈.၂၇၃၉)သန်းလှူဒါန်း၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စီးပွားဖြစ်ထွန်း၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသော ဝက်နှင့်ကြက်မွေးမြူ ရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၅

မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်များအသင်းနှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ တရုတ်ယွမ် (၄၅၁၄၇၁) တန်ဖိုးရှိ စားသောက်ကုန်များ မော်‌တော်ယာဉ်(၄)စီးဖြင့် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များက ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ် (၄)စီးဖြင့် ပေးပို့လှူဒါန်းလာသည့် စားသောက်ကုန်ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမရှေ့၌ လာရောက်ပို့ဆောင်ခဲ့ကြရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကုန်ပစ္စည်းများအား ကူညီသယ်ယူပေးမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကချင် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်ပစ္စည်းကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကူညီသယ်ယူပေးကြသည့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို ဆမားဒူဝါဆင်ဝါး‌နော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းပီသစွာ မိမိတို့နိုင်ငံအတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်ယွမ် (၄၅၀၀၀၀) ကျော်တန်ဖိုးရှိ စားသောက်ကုန်များကို လာရောက်လှူဒါန်းသည့်အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များက လာရောက်လှူဒါန်းသည့် တရုတ်ယွမ် (၄၅၁၄၇၁)တန်ဖိုးရှိ အာဟာရဆန်ပြုတ်ဘူး (၅၆၀၀)၊ သောက်ရေသန့်ဘူး(၂၀၀၀)၊ ခေါက်ဆွဲခြောက်ဘူး (၃၄၇၁)ဘူးနှင့် ဝက်အူချောင်းဘူး (၁၁၀၀)တို့အား တာဝန်ရှိသူများ၏ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။

ယင်းနောက် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံသို့ ကချင် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုအဖွဲ့မှ တတိယအကြိမ်အဖြစ် အလှူငွေများပေးအပ်လှူဒါန်းပွဲကို တစ်ဆက်တစ်စပ်တည်း ကျင်းပပြုလုပ်ရာ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အများပြည်သူထည့်ဝင်လှူဒါန်းခဲ့သော ငွေကျပ် ၄၈၈ ဒဿမ ၂၇၃၉ သန်းအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံ လွှဲပြောင်းပေးပို့လှူဒါန်းနိုင်ရေးပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံသို့ ပထမအကြိမ်တွင် ငွေကျပ်သန်း (၅၀)၊ ဒုတိယအကြိမ်အဖြစ် ငွေကျပ် ၁၁၀၁ ဒဿမ ၈၇၈၅ သန်းနှင့် ယနေ့ တတိယအကြိမ်အဖြစ် ငွေကျပ် (၄၈၈ ဒဿမ ၂၇၃၉)သန်း ပေးပို့လှူဒါန်းသွားမည်ဖြစ်ရာ စုစုပေါင်းငွေကျပ် (၁၆၄၀ ဒဿမ ၁၅၂၄)သန်း လှူဒါန်းပြီးဖြစ်ကြောင်းနှင့် ယနေ့ လှူဒါန်းသည့် စားသောက်ကုန်များ အပါအဝင်ငွေသားများ ထပ်မံလှူဒါန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးဆင်ဝါးနော်၏ခြံသို့ သွားရောက်ခဲ့ကြပြီး ခြံဝင်းအတွင်း ဒုတိယအသုတ်အဖြစ် စီးပွားဖြစ်ထပ်မံမွေးမြူထားသည့် အသားတိုးဝက်ပေါက်ကောင်ရေ (၈၀) မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အစာဂိုဒေါင်၌ ဝက်နှင့်ကြက်စာများ ဝယ်ယူစုစောင်းသိုလှောင်ထားရှိမှု အခြေ အနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ခြံဝင်းအတွင်းရှိ အသားစားကြက်ခြံများ၌ ထပ်မံတိုးချဲ့မွေးမြူလျက်ရှိသည့် ကြက်သားပေါက်ကောင်ရေ (၃၅၀၀)နှင့် ကြက်လတ်ကောင်ရေ (၃၀၀၀) စနစ်တကျမွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ ခြံဝင်းအတွင်းရှိ မြေဧရိယာ၌ ပင်မှည့်သီးအပင်ရေ (၃၉၀)ပင် ပျိုးထောင်စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နည်းပညာနှင့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး၊ ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။