မြစ်ကြီးနား ဧပြီ ၁၂
မေလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်၍ လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက် နံနက် ၉ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရုံး အလှူငွေများပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းပေးကြသော ရဟန်း/သံဃာ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားကာ နန်းကွေ့ရပ်ကွက်၊ နယ်မြေ(၆) မနောမြေပညာရေးစင်တာမှ ဦးပဉ္ဇင်းနှင့် ကျောင်းသား/ကျောင်သူများက အလှူငွေကျပ်သိန်း ၁၀၀ နှင့် ပေးဆပ်သူ အခမဲ့လူမှုကူညီရေးအသင်းမှ လှူဒါန်းငွေကျပ်သိန်း ၅၀ နှင့် မြစ်ကြီးနားညီအစ်ကိုများ ဂေါက်သီးရိုက်အသင်း (MBGA)မှ အလှူငွေကျပ် သိန်း ၂၀၀ ပေးအပ်လှူဒါန်းမှုများအား လက်ခံရယူပြီး အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်း ဝန်ထမ်းမိသားစုများအတွက် ခေါက်ဆွဲခြောက်ဘူးများနှင့် ဆပ်ပြာအကြမ်းခဲများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ရန်ပုံငွေများ အောက်ခြေတောင်သူများ လက်ဝယ်အရောက် အမြန်ဆုံးချထာပေးနိုင်ရေးအတွက် ကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံကို ပထမနှစ်စက်ဝန်း၊ ဒုတိယနှစ်စက်ဝန်းဖြင့် အောက်ခြေအဆင့်ထိ လုပ်ငန်းစီမံကိန်းများ အောင်မြင်တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရန်ပုံငွေများကို စီမံခန့်ခွဲရာတွင် မိမိတို့လက်ဝယ်တွင် ကြန့်ကြာမှုမရှိစေဘဲ လုပ်ငန်း စီမံကိန်းများအလိုက် ပြည်သူကို အကျိုးရှိထိရောက်စေပြီး မိမိတို့မျှော်မှန်းချက်နှင့်ကိုက်ညီပါက လုပ်ထုံးလုပ်နည်းနှင့်အညီ လျင်မြန်စွာချထားပေးနိုင်ရေး အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က လည်ပတ်ဆောင်ရွက်လျက်ရှိသည့် ရန်ပုံငွေအခြေအနေများ၊ ကော်မတီမှထပ်မံခွဲဝေချထားပေးရန် ကျန်ရှိသည့် ရန်ပုံငွေစာရင်းနှင် လုပ်ငန်းယူနစ်များအလိုက် အတိုးမဲ့သက်တမ်းတိုးနိုင်ရေး ကော်မတီက ဆွေးနွေးဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များကိုလည်းကောင်း၊ သက်ဆိုင်ရာလုပ်ငန်းစီမံကိန်းများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းများနှင့် MSME ထုတ်ကုန်လုပ်ငန်းများအတွက် ရန်ပုံငွေမတည်ရင်းနှီးပေးထားမှုအခြေအနေများနှင့် ထပ်မံတင်ပြတောင်းခံလာသည့် လုပ်ငန်းစီမံကိန်းများအပေါ်အတည်ပြုဆုံးဖြတ်ပေးရမည့် လုပ်ငန်းစီမံကိန်းများကိုတင်ပြကြရာ ဝိုင်းဝန်းအကြံပြုသုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လုပ်ထုံးလုပ်နည်း၊ လက်စွဲစာစောင်ပါအချက်များနှင့်အညီ ညှိနှိုင်းစေ့စပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၌ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခပ်ခဲ့မှုကြောင့် ငလျင်ဘေးသင့်ထိခိုက်ဒဏ်ရာရရှိသူများအတွက် သွေးလိုအပ်ချက်ဖြစ်ပေါ်မှုများတွင် လှူဒါန်းအသုံးပြုနိုင်ရေး သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)နှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရဟန်းရှင်လူပြည်သူများပါဝင်သည့် အသင်းအဖွဲ့အသီးသီး၊ တက္ကသိုလ်ကောလိပ်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ စေတနာ့သွေးလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ကြသော သွေးအိတ် ၄၂၀ အား တပ်မတော်လေယာဉ်ဖြင့် သွေးလိုအပ် ချက်ရှိသောမြို့များသို့ ပို့ဆောင်နိုင်ရေးအတွက် သွေးအိတ်များအား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးတို့က လက်ခံရယူခဲ့ကြပြီး တပ်မတော်လေယာဉ်ဖြင့် တင်ပို့နေမှု အခြေ အနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မလိခခန်းမ၌ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် ၁၂၁ ၊ ပိတောင်ပယ်ဖျက်ကွင်း၊ မြေလွတ်၊ မြေရိုင်း ဧက ၄၈၀ အား အား/ကာသိပ္ပံကျောင်း မြေနေရာဧက ၅၆ ဧက၊ ကွန်ပျူတာတက္ကသိုလ် မြေနေရာ ဧက ၃၀ အပါအဝင် ဌာနအဖွဲ့အစည်းများ၏ ရုံးမြေနေရာများနှင့် ကွင်းအမှတ် ၂၈၂ ၊ မြေဧရိယာ ၃၄ ဧကအတွင်း တိုးချဲ့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ရေမြောင်းများ၊ လမ်းများဖြင့် စနစ်တကျအကွက်ပုံစံရရှိအောင် ဖော်ထုတ်ပြီးစီးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။





