ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ် ဆယ်ရေးနှင့် တပ်ဖွဲ့ဝင်များစုဖွဲ့၍ ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားအားကြည့်ရှုအားပေး၊ မြစ်ကြီးနားမြို့၌ မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေး ရောင်းပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား          ဧပြီ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် တပ်ဖွဲ့ဝင်များစုဖွဲ့၍ ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဧပြီ ၉ ရက် နံနက် ၈ နာရီက စီတာပူရပ်ကွက် မနောကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပိုမိုများပြားလာသည်ကို တွေရှိနေရပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ယခုလို လူအင်အား၊ စက်/ယာဉ်အင်အား၊ မြေပြင်/ရေပြင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများဖြင့် အသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် စနစ်တကျရင်ဆိုင်တုံ့ပြန်နိုင်မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် တပ်ဖွဲ့ဝင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေပြီး ပြည်သူလူထု၏ အသက်အိုးအိမ်များ ဘေးအန္တရာယ်အမျိုးမျိုးမှ ထိရောက်စွာဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက  တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ရှာ‌ဖွေကယ်ဆယ်ရေးအတွက် မြေပြင်၊ ရေပြင်သုံးခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းပြသထားရှိမှု၊ ယာဉ်၊စက်ယန္တရားများ ပြသထား ရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယင်းနောက် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ တပ်ဖွဲ့ဝင်များ၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဖွင့်လှစ်လျက်ရှိသည့် ဌာနဆိုင်ရာများမှ သင်တန်းသားများ၊ အရပ်ဖက်လူမှုကူညီ ရေးအသင်းအဖွဲ့ဝင်များက ငလျင်‌လှုပ်ခတ်ချိန်နှင့် ငလျင်လှုပ်ပြီးချိန်တွင် ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးဝါးကုသရေး၊ ကူညီထောက်ပံ့လုပ်ငန်းများ စနစ်တကျ စုဖွဲ့ဆောင်ရွက်နေမှုလုပ်ငန်းများကို သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက ရှာဖွေကယ်ရေးအဖွဲ့များအား မုန့်နှင့်ရေဘူးများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အသိပညာပေးလက်ကမ်းစာစောင်များကို လည်းကောင်း လိုက်လံပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စုအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၁၀၀၀ မတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့လည်ပတ်လျက်ရှိသော  ပိုင်ရှင်ဦးအောင်ရွှေ၏ရာဘာစိုက်ပျိုးရေးနှင့် ရာဘာပြားထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ပြီး လုပ်ငန်းလည်ပတ် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီ လုပ်ငန်းလိုအပ်ချက်များ၊ ဈေးကွက်ရရှိမှု၊ အကျိုးဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ခြံဝင်းအတွင်း စနစ်တကျပြုစုပျိုးထောင် စိုက်ပျိုးထားသည့် ရာသီပေါ် သစ်သီးပင်များ အောင်မြင်ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ အရာထမ်း/ အမှုထမ်းဝန်ထမ်း မိသားစုဝင်များနှင့်ဝန်ထမ်းသားသမီးများအတွက် နွေရာသီကာလ အင်္ဂလိပ်စာ (မူ၊ထက်၊လယ်)အဆင့် သင်တန်းအားတက်‌ရောက် သင်ကြားနေကြသည့် သင်တန်းသား/ သင်တန်းသူ (၈၄) ဦးတို့အား မြစ်ကြီးနားတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ နည်းပြဆရာ/ဆရာမ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်အဆင့်အလိုက် စမ်းစစ်ချက်စာမေးပွဲဖြေဆိုမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဆရာ/ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် Malikha Music Band အတွက် သီချင်းအဆို ဝါသနာရှင်များအား ပဏာမအသံစစ်ဆေးမှု အစီအစဉ်သို့ တက်ရောက်အားပေးခဲ့ကြပြီး လီဆူရိုးရာ အကအဖွဲ့အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့၌ မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရေး ပွဲတော်ကျင်းပရေးဦးစီး‌ ကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ထုတ်ကုန်လုပ်ငန်းများ တိုးတက်မြင့်မားလာအောင် ဘက်ပေါင်းစုံမှ ပံပိုးကူညီမှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ထုတ်လုပ်မှုတိုးတက်ထုတ်လုပ်ရုံသာမက ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်တင်နိုင်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မုတ်သုံဦး MSME ထုတ်ကုန် ပြပွဲ/ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်နိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးခဲ့မှုများ၊ ယခင်ကျင်းပခဲ့သည့် မြန်မာနှစ်သစ်ကူးအကြို MSME ဈေးရောင်းပွဲကျင်းပခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်ပွဲတော်တွင် ဝင်ရောက်ပြသရောင်းချသွားမည့် MSME လုပ်ငန်းရှင်များက လုပ်ငန်းကော်မတီ အလိုက် ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပွဲတော်ကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့် ယခင်ပွဲ‌တော်များမှ အားနည်းချက်/ အားသာချက်များကို သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များအကြား ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေကျချိန်တွင် ဆက်လက်တူးဖော်ဆောင်ရွက်လျက်ရှီ မြစ်ကြောင်းရှင်းလင်းရေး သဲသောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဗလမင်းထင်တံတားပေါ်မှတစ်ဆင့် သဲသောင်ရှင်းလင်းတူးဖော်နေမှု အခြေအနေများ၊ ရှင်းလင်းတူးဖော်ပြီးစီးမှုနှင့် မြစ်ရေမြင့်တက်ခြင်းမရှိမီ အပြီးသတ်ရှင်းလင်းဆောင်ရွက်သွားရမည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဗလမင်းထင်အမှတ်(၂) တံတားစီမံကိန်း ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဝင်များ၊ သဲကျောက်တူးဖော်နေကြသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများ မိုးရာသီမရောက်မီ သတ်မှတ်ပေးထားသည့် အတိုင်းအတာအား အမြန်ဆုံးတူးဖော်ရှင်းလင်းပြီးစီးရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။