မြစ်ကြီးနား ဇွန် ၁
မြန်မာပြည်မြောက်ဖျားပိုင်းနှင့် ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မလိခမြစ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်မြင့်တက်လာခဲ့ပြီး ယနေ့ နံနက် ၈ နာရီတွင် မြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြစ်ကြီးနားမြို့ မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်ပြီဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ဦးဆောင်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ရေဘေးကယ်ဆယ်ရေးစုရပ်နေရာများ ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း/အဖွဲ့များအား စနစ်တကျစုဖွဲ့၍ ရပ်ကွက်အလိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်အကြား အောင်မင်္ဂလာတံတားအနီးတွင် မြစ်ရေဝင်ရောက်လျက်ရှိသည့် အခြေအနေများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရေယာဉ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစောင်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များအား စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း၊ ပြည်သူများအား အသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်မှုများ ကြိုတင်ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရေး တိုက်တွန်းအားပေးမှာကြားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် အနောက်လယ်ကုန်းရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်အကြား မနောဥပိန် တံတားနေရာ၌ ရပ်ကွက်များအတွင်းရှိ ပြည်သူများအား ရေယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် ရွေ့ပြောင်းသယ်ယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြ ပြီး ရွေ့ပြောင်းလာသည့် ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့ကြကာ သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းလူနာများအား အမြန်ဆုံးရှာဖွေကယ်ဆယ်ပေးကြရေးနှင့် လိုအပ်လာပါက အရေးပေါ် ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျွန်းပင်သာစက်လှေဆိပ် စုရပ်နေရာသို့ သွားရောက်ပြီး ကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြစ်ရေမြင့်တက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ရပ်ကွက်နေပြည်သူများအား စိုးရိမ်မှုမရှိစေရေးနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လယ်ကုန်း(ဇီးလွန်)ရပ်ကွက် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ လယ်ကုန်း၊ ကြက် ပေါင်ခြံရပ်ကွက်နှင့် ရမ်ပူမြေနိမ့်ပိုင်းများမှ ရွေ့ပြောင်းကယ်ဆယ်ထားသည့် အိမ်ထောင်စု (၁၅၁)စု၊ လူဦးရေ ၁၂၂၈ ဦးတို့အား နေရာချထားပေးသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများအား အားပေးစကားပြောကြားကာ မိသားစုအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူးများနှင့် ရေသန့်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ လယ်ကုန်းရပ်ကွက်အတွင်း ကမ်းနားပတ်လမ်းအတိုင်း မြစ်ရေမြင့်တက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ရေဝင်ပေါက်နေရာများမှ တစ်ဆင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ချောင်းပေါက် ဧရိယာအတွင်းရှိ လူများအား အမြန်ဆုံးရွေ့ပြောင်းနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့သစ်ကြီးရပ်ကွက် အောင်ဇေရန် အောင်ဘုရားအနီး၊ ရေကြည်ချောင်းပေါက်မှ တစ်ဆင့် အမှတ် (၅) ရေနှုတ်မြောင်း မြစ်ရေဝင်ရောက်နေမှုအပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စနစ်တကျစုဖွဲ့ထားရှိမှု၊ ရေယာဉ်နှင့် မော်တော်ယာများ အသင့်အနေအထား ပြင်ဆင်ဆောင် ရွက်ထားရှိမှုများကို လည်းကောင်း၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ မြို့သစ်ကြီး၊ ရေကြည်နှင့် ကြက်ပေါင်ခြံရပ်ကွက်များမှ အိမ်ထောင်စု (၁၂၂)စု၊ လူဦးရေ(၅၀၀)ကျော်တို့ နေရာချထားပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် သီတာတံတား၌ စီတာပူရပ်ကွက်အတွင်း မြစ်ရေဝင်ရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ရေဘေးကယ်ဆယ်ရေး စုရပ်ဖွင့်လှစ်ထားရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံပြီး အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး၊ ပြည်သူများအား နှိုးဆော်သတိပေးရေးမှာကြားခဲ့ကာ ဧရာဝတီမြစ်ရေ မြင့်တက်လျက်ရှိသည့်အခြေအနေအား မနောကွင်းအရှေ့ဘက်ရှိ လုံဂါဘာ စားသောက်ဆိုင် နေရာမှတစ်ဆင့် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့၌ မြစ်ရေသည် (၁၀)ပေခန့် မြင့်တက်လာမှုအား ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းနေရာမှ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ကြီးနားမြို့ ကျွန်းပင်သာဆိပ်ကမ်းစုရပ်နေရာ၌ လည်းကောင်း၊ အနောက်လယ်ကုန်း-ကြက်ပေါင်ခြံရပ်ကွက်၊ မနောဥပိန်တံတား စုရပ်နေရာ၌လည်းကောင်း၊ စီတာပူရပ်ကွက်နှင့် သီတာရပ်ကွက်အကြား အင်ဂျန်းခချောင်းတံတားအနီးစုရပ်နေရာ၌ လည်းကောင်း ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ရေ ယာဉ်၊ မော်တော်ယာဉ်များ အသင့်အနေထားဖြင့် စုဖွဲ့ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး မြစ်ရေမြင့်တက်လာမှု အခြေအနေအပေါ် မူတည်၍ ပြည်သူများအား အသိပေးနှိုးဆော်ခြင်း၊ ကူညီကယ်ဆယ်နိုင်ရေးနှင့် ရေဝင်ရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရေး မှာကြားခဲ့သည်။
ယင်းသို့ ဧရာဝတီမြစ်ရေသည် မေ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး မြစ်ရေသည် ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်အထိ မြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာတွင် ရပ်တန့်လျက်ရှိပြီး မြို့၏မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းမှစတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခု ဖွင့်လှစ်ထား၍ အိမ်ထောင်စု (၈၁၀)၊ လူဦးရေ ၄၀၂၀ ဦးတို့အား ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။



