ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း မိုးသည်း ထန်စွာရွာသွန်းမှု ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များမှ ရေဘေးသင့်ပြည်သူ များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိသားစုများမှ လှူဒါန်းသည့် ဆန်၊ ဆီ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား          ဇွန် ၅

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မေလကုန်ပိုင်းမှစတင်၍ မိုသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နှင့် မြစ်ကြီးနားမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ‌ ရေဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိသားစုများက ပေးပို့ထောက်ပံ့သည့်  စားသောက်ဖွယ်ရာများကို  ဇွန် ၄ ရက် မွန်းလွဲပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့  နယ်မြေခံလေတပ်စခန်းဌာနချုပ်၌ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ထောက်ပံ့ရေးပ္စည်းများနှင့်အတူ ပူတာအိုမြို့ သို့ လိုက်ပါပို့ဆောင်ခဲ့ကြပြီး ‌ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူး မြို့နယ်များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊  ဒေသတွင်းစားရေရိက္ခာဖူလုံရေးကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် သဘာဝဘေးကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင် ရေး၊ ပြန်လည်ထူထောင်ရေးအတွက် မဖြစ်မနေဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သဘာဝဘေးကြောင့် ထိခိုက်ခဲ့ရသည့် မိသားစုများအား လူသားချင်းစာနာသည့်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး မိသားစုမှ ပေးပို့လာသည့်  စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ) (ပူတာအို) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်းက ‌ပူတာဒေသအတွင်း ရေကြီးမှုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့ရမှုအခြေအနေများ၊ လမ်း၊ တံတားများ ပျက်ဆီးခဲ့မှုအခြေအနေများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး မိသားစုများက ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊စစ်ဗျူဟာမှူးနှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မိသားစုများမှ လှူဒါန်းသော ဆန်အိတ် ၁၁၅ အိတ်၊ ဆီ ၁၇၅ ပိဿာ၊ ကုလားပဲ ၃၃၈ ပိဿာ၊ ဆား ၅၈ ပိဿာတို့နှင့် အသင့်စားသုံးနိုင်သော စား‌သောက်ဖွယ်ရာများဖြစ်သည့် ဘာလချောင် ၂၁၀၀ ထုတ်၊ ချဉ်ပေါင်ကြော် ၂၇၃၀ ထုတ်၊ ငါးခြောက်ကြော် ၂၇၇၀ ထုတ်နှင့် မုန့်မျိုးစုံတို့အား လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပစ္စည်းများ သွားရောက်ပို့ ဆောင်ပေးကြမည့် ယာဉ်တန်းအတွက် ငွေကျပ်သိန်း ၅၀ ကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့် နေအိမ်ဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း မေခမြစ်ရေမြင့်တက်ခဲ့သဖြင့် ကောင်လိုလိပ်ကျေးရွာအုပ်စု၊ ရီဒမ်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၊ စာသင်ဆောင် ၂ ဆောင်၊ လူနေအိမ်နှင့် မကာလ်ထ မေခမြစ်ကူးကြိုးတံတား ပျက်ဆီးဆုံးရှုံးခဲ့ရပြီး နောင်မွန်မြို့နယ်အတွင်း၌လည်း မေခမြစ်အဖျားပိုင်းဖြစ်သည့် အဒုံလောင်ချောင်းနှင့် ထလားချောင်းရေမြင့် တက်မှုကြောင့် တဆူထုကျေးရွာ၊ ထလားထုကျေးရွာရှိ လူနေအိမ် (၁၁)လုံး ‌မျှောပါ ပျက်ဆီးခဲ့အပြင် ပန်နန်းဒင်မြို့အဝင် မေခမြစ်ကူး လူကူးကြိုးတံတားအရှည်(၃၄၀)တံတား(၂)စင်းနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်ရှိ တန်ဂျာချောင်းရေ မြင့်တက်မှုကြောင့် တံတားအမှတ် (၁/၂၈၆)၊ တန်ဂျာတံတား  ကမ်းကပ်ခုံများ ရေတိုက်စားပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ပေးမှုဖြင့် ‌အသားတိုးဝက်ကောင်ရေတိုးချဲ့မွေးမြူနိုင်ခဲ့သည့် ပိုင်ရှင်ဦးအောင်ထွန်း၏ခြံ၌ ဝက်သားပေါက်များ တိုးချဲ့မွေးမြူထားရှိမှုအခြေအနေများနှင့် ဒေသကြက်များ မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် လုံးစွတ်ရပ်ကွက်သို့ သွားရောက်ပြီး ပိုင်ရှင် ဒေါ်ဖုန်ဇီခေါ်ရမ်၏ ‌ နေအိမ်ခြံဝင်းအတွင်း ယခင်ငါးကန် တစ်ကန်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူရာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီး မတည်ပေးမှုဖြင့် ငါးကန်တိုးချဲ့တူးဖော်၍ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ကာ၊ ခြံဝင်းအတွင်းရှိ ငါးကန်ဟောင်းအားပြုပြင်၍ ငါးမျိုးစိုက်ထည့်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မိသားစုပိုင် အသေးစားရေသန့်စက်ဖြင့် ရေသန့်ဘူးထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။