ကချင်ပြည်နယ်ဝန်ကြီးချုပ် AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံမြေနေရာနှင့် ဌာနဆိုင်ရာမြေနေရာများဖော်ထုတ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇွန် ၉

         ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြည်နယ်အတွင်းဖူဆယ်အားကစား ပိုမိုနည်းစနစ်ကျပြီး တိုးတက်မြင့်မားလာစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးမည့်  AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် ညနေ ၅ နာရီက ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ ဖူဆယ်အားကစားအနာဂတ်ကို ပုံဖော်ထုဆစ်ပေးကြမည့် သင်တန်းသားများအားလုံးကို ကြိုဆိုဂုဏ်ယူပါကြောင်း၊ ဒါ့အပြင် ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောခြေလှမ်းတစ်ခုဖြစ်သလို ယခုလို AFC ၏ အသိအမှတ်ပြု ဖူဆယ် Level-1 နည်းပြဆရာသင်တန်းသည် ပြည်နယ်မှနည်းပြများအနေဖြင့် အဆင့်မီနည်းစနစ်များကို သင်ယူနိုင်မည်ဖြစ်သည့်အတွက် ဖူဆယ်အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် သင်တန်းသားများအနေဖြင့် နည်းပြဆိုင်ရာကျွမ်းကျင်မှုများ၊ အားကစားစီမံခန့်ခွဲမှုများနှင့် လူငယ်များ၏ စွမ်းရည်တိုးတက်ရေးဖွံ့ဖြိုးရေး စသည့်တို့ကို အထူးလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြဌာနမှ တာဝန်ခံ ဦးညီညီလတ်က သင်တန်းတွင် ပို့ချပေးသွားမည့် သင်တန်းစာများနှင့် သင်တန်းဆင်းများအား AFC အသိအမှတ်ပြု Level-1 နည်းပြဆရာအဖြစ် လက်မှတ်ပေးအပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၄၂၂၅၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နည်းပြဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ န့နက် (၈)နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေလပ်များတွင် အားကစားသိပ္ပံမြေနေရာအပါအဝင် ကွန်ပျူတာတက္ကသိုလ် မြေနေရာ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ခြံဝန်းမြေနေရာများ သတ်မှတ်လျာထားပေးမှု၊ လမ်းများဖောက်လုပ်နေမှုနှင့် မြေဧရိယာ (၃၄)ဧကအတွင်း ကျေးရွာသစ်မြေနေရာအတွင်း စက်ယန္တရားများ ဖြင့် အိမ်ရာမြေကွက်ဖော်ထုတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။