မြစ်ကြီးနား ဇွန် ၁၁
ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ကျေးရွာသစ် လမ်းဘေးဝဲ/ ယာစိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်း ဖြစ်စေရေးတို့ကို ရည်ရွယ်၍ ဇွန် ၁၁ ရက် နံနက် ၈ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ ကျေးရွာသစ်မြေနေရာနှင့် ဌာနဆိုင်ရာမြေနေရာ ပတ်လမ်းတစ်လျှောက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်နယ်အဆင့် မိုးရာသီသစ်သင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အခြေခံပညာဆရာ၊ ဆရာမများ၊ ဒေသခံတောင်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ သတ်မှတ်နေရာအသီးသီး၌ အမြင့် (၂)ပေနှင့်အထက် (၂)နှစ်သားအရွယ် မန်ဂျန်ရှားပင်နှင့် ပျဉ်းကတိုးပင် (၂၈၆)ပင်စီ ဖြင့် စုစုပေါင်း (၅၇၂)ပင်ကို လမ်းဘေးဝဲ/ယာ တစ်လျှောက် အတန်းလိုက် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်စိုက်ပျိုးပေးမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူလူထုနှင့် ဌာနဆိုင်၊တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ရာ ပျိုးပင်ပေါင်း (၂၂၆၃၀)ပင်ကို ဖြန့်ဝေစိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် ထို့အပြင် သစ်တောဦးစီးဌာနသို့ လာရောက်ဆက်သွယ်၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးလိုပါက ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ အုပ်စုအတွင်းရှိ မြေလွတ်၊ မြေရိုင်း (၄၈၀)ဧကပေါ်တွင် အား/ကာသိပ္ပံမြေနေရာအပါအဝင် ဌာနဆိုင်ရာမြေနေရာများဖော်ထုတ်ပေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နှင့် (၁၂)မိုင်ခန့်ဝေးကွာသည့် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်၊ မြေရိုင်း (၄၈၀)ဧကပေါ်တွင် ဌာနဆိုင်ရာမြေနေရာများ အပါအဝင် ကျေးရွာကွက်သစ်မြေနေရာများ ဖော်ထုတ်ရာတွင် စနစ်တကျဖြစ်စေရေး၊ ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဖြစ်စေရေး၊ လိုအပ်ချက်များ မဖြစ်ပေါ်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြေလွတ်မြေရိုင်းနှင့် စပ်လျဉ်း၍ ဗဟိုကောမတီသို့ တင်ပြဆောင်ရွက်ထားမှုအခြေအနေများနှင့် ဌာနပိုင်မြေနေရာများ လျှောက်ထားမှုအပေါ် ဆက်လက်အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျေးရွာကွက်သစ်မြေနေရာအတွက် အကွက်ချမြေနေရာ ဖော်ထုတ်ရာတွင် စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး၊ ဥပဒေနှင့်အညီ ဆွေးနွေးဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ကျင်းပပြုလုပ်သည့် အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မြို့ပြနှင့် ရပ်ကွက်/ကျေးရွာ (၆)ခုကို ရွေးချယ်ပြီး ဒေသထွက်ကုန်ကြမ်းများအပေါ် မူတည်၍ လည်းကောင်း၊ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်အရ လည်းကောင်း၊ ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်များအားရွေးချယ်၍လည်းကောင်း၊ အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားအောင် လုပ်ကိုင်ဆောင်ရွက်လိုသော အမျိုးသမီးများအား ရွေးချယ်၍လည်းကောင်း စီမံကိန်း လုပ်ငန်းများအား စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် အောင်မြင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လယ်ကုန်း၊ သီတာနှင့် ရပ်မူရပ်ကွက်များမှ ပြည်သူများအတွက် စီမံကိန်းဖြင့် ဖွင့်လှစ်ပေးမည့် အခြေခံနှင့် မွမ်းမံစက်ချုပ်ပညာသင်တန်း(၂) ခု၊ ဆိုင်ကယ်ပြင်သင်တန်းစသည့် လုပ်ငန်းစီမံကိန်းသင်တန်း (၃)ခုတို့အတွက် ချီးမြှင့်ငွေကျပ် စုစုပေါင်း ငွေကျပ်သိန်း (၄၅၀)နှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကာ ခန်းမအတွင်း ပြသ ထားသည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။





