မြစ်ကြီးနား ဇူလိုင် ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်မြို့/ ကျေးရွာများကို စွန့်ခွာ၍ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးအပြင် စားသောက်မှုအဆင်ပြင်စေရေး စဉ်ဆက်မပြတ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ အိမ်ထောင်စုများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား မိုးမကျမီအမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး အတတ်နိုင်ဆုံး ယာယီနေအိမ်များ ဆောက်လုပ်နိုင်ရေး မိုးကာ၊ ဝါးစသည့်တို့ကို ပံ့ပိုးကူညီပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ယနေ့လိုတွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားပေးခြင်း၊ စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းကိုလည်း စဉ်ဆက်မပြတ် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် လည်း မိမိတို့ နေထိုင်ရာနေရာများမှ အခက်အခဲ၊ လိုအပ်ချက်များရှိပါက အမြန်ဆုံးအကြောင်းကြားပေးကြရန်နှင့် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အိမ်ထောင်စုများအနေဖြင့်လည်း မိမိတို့နှင့်အတူ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌတို့က ဗန်းမော်ခရိုင်အတွင်းမှ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆွေမျိုးများနေအိမ်တွင် နေထိုင်လျက်ရှိသော အိမ်ထောင်စု (၄၁၃)စုနှင့် ရမ်ပူရပ်ကွက် အီဒါကွင်းအတွင်း နေထိုင်သော ယာယီတိမ်းရှောင်အိမ်ထောင်စုများအနက်မှ ထပ်တိုးအိမ်ထောင်စု ၁၃၆ စုတို့အတွက် စုစုပေါင်းငွေကျပ် (၅၁၈,၄၉၃၀၀) တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၅၄၉)အိတ်နှင့် စားဆီ (၅၄၉)ပိဿာ၊ ကြက်ဥဖာများကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ တိမ်းရှောင်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာတိမ်းရှောင် အိမ်ထောင်စုများအား လိုအပ်ချက်များ မေးမြန်းဆွေးနွေးကြရာ အိမ်ထောင်စုများက သက်ဆိုင်ရာယာယီစခန်းများနှင့် ဆွေမျိုးများနေအိမ်တို့တွင် နေထိုင်စားသောက်ရာတွင် လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသူတစ်ဦး၏ ဆိုင်ကယ်လိုအပ်ချက်အပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးက ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အိမ်ထောင်စုများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မုန့်နှင့်ရေသန့်ဘူးများကို လိုက်လံဝေငှကျွေးမွေးခဲ့ကြကြောင်း သိရသည်။