ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မိုးရာသီ အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား   ဇူလိုင် ၂၆

         ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှ ကျောင်းသား/ကျောင်းသူများအတွက် ကြီးမှူးကျင်းပသည့်  မိုးရာသီကျောင်းတွင်း အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီက နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးဒုတိယနှစ်အသင်းနှင့် စတုတ္ထနှစ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို လည်းကောင်း၊ အမျိုးသား ပထမနှစ်နှင့် စတုတ္ထနှစ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုး၊ ပါမောက္ခဌာနမှူးများနှင့် နည်းပြဆရာများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြရာ အမျိုးသမီး ဒုတိယနှစ်အသင်းနှင့် အမျိုးသားစတုတ္ထနှစ်အသင်းတို့ အနိုင်ရဗိုလ်စွဲသည်။

          ယင်းနောက် ဆုချီးမြှင့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက ဘောလုံးအသင်းများအား အားကစားသည် နိုင်ငံအရင်းအမြစ်များအတွက် အလွန်အရေးကြီးကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုလို ကျောင်းသားလူငယ်များအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် အစုအဖွဲ့၏ စည်းလုံးညီညွတ်မှုအင်အားနှင့် တက်ကြွနိုးကြားလန်းဆန်းမှုကို ရရှိစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားသမားကောင်းတစ်ယောက်တွင်ရှိရမည့် ဇွဲနှင့် အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ တရားသောယှဉ်ပြိုင်မှု၊ စည်းကမ်းရှိမှုနှင့် မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် IT ပညာရှင်တစ်ယောက်ဖြစ်လာရေး ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်ထက် မြက်သည့် IT ပညာရှင်များ ဖြစ်လာရန် ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားသည်။

          ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးနှင့် ဒုတိယပါမောက္ခချုပ်တို့က အားကစားပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသူများအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနားမှ) ဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပထမနှင့် ဒုတိယဆုရအမျိုးသမီးအသင်းအတွက် လည်းကောင်း၊ ဒုတိယပါမောက္ခချုပ်က အမျိုးသား ဒုတိယဆုရအသင်းအတွက်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးက အမျိုးသားပထမဆုရအသင်းအတွက်လည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။