ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုး/ရိတ်သိမ်းပြီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၊ ကချင်ပြည်နယ်မြန်မာ့သိုင်းအားကစားအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား   သြဂုတ် ၇

         ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း မိုးစပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြု လုပ်သည်။

          အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်ကို သိရှိလိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သည့်အပြင် ဦးတည်ချက် (၄)ရပ်တွင်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည်  ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေးဟူ၍ ပါဝင်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုး၍ရသည့်မြေတွင် စိုက်ပျိုး၍ရသည့် သီးနှံကို စိုက်ပျိုးရန်၊ အထွက်နှုန်းကောင်းမွန်စေရန်နှင့် တောင်သူနှင့်ပြည်သူများပျော်ရွှင်ချမ်းစေရန် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်/ မြို့နယ်တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီးနွေစပါး၊ မိုးစပါးအပြင် ဆီထွက်သီးနှံများနှင့်အခြားသီးနှံများ တိုးချဲ့စိုက်ပျိုးရေးအတွက် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် မြေပြင်အထိ ကွင်းဆင်း စည်းရုံးဆောင်ရွက်ပြီး လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပေးကြရန်လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ပြည်နယ်အတွင်း မိုးစပါး စိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများနှင့် စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ခုနှစ် ဇူလိုင်လကုန်အထိ မိုးစပါး စိုက်ပျိုးနည်းစနစ်အလိုက် ဧကပေါင်း ၃၃၆၄၀၇ ဧကထိ စိုက်ပျိုးပြီးစီးမှုနှင့် ဆီထွက်သီးနှံ (၃၂၅၁)ဧက စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ဆောင်းသီးနှံ အတွက် ဆီထွက်သီးနှံမျိုးစေ့များ ဖြန့်ဝေထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မှုနှင့် ဆန်စက်၊ ဆီစက်နှင့် မှတ်ပုံတင်ထားရှိမှု၊ တိုးချဲ့ တည်ထောင်နိုင်မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် သွင်းအားစုများ၊ မျိုးလိုအပ်ချက်များ၊ ကုန်ကျစရိတ်များနှင့် အခြားလိုအပ်ချက်များ တတ်အားသရွေ့ပံ့ပိုးကူညီပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြကြရေးနှင့်လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်မြန်မာ့သိုင်းအားကစားအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ လက်ရွေးစင်မြန်မာ့သိုင်းအသင်းက ဂါဝရပြုမိတ်ဆက်ကြသည်။

           ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး ကချင်ပြည်နယ်အတွက် ပြိုင်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေကြသည့် မြန်မာ့သိုင်းလက်ရွေးစင်အသင်းအနေဖြင့် ယနေ့ ပေးအပ်လိုက်မည့် အောင်နိုင်ရေးအလံကို ပြည်နယ်လူထုအားလုံးကိုယ်စား ယုံယုံကြည်ကြည်အပ်နှံလိုက်သည့်အတွက် ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် အထူးမှာကြားလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်လက်ရွေးစင်အသင်းအနေဖြင့် စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယရှိမှု၊ ခွန်အားနှင့် ဉာဏ်ရည်များကို အကောင်းဆုံးအသုံးချပြီး ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်မြန်မာ့အသိုင်းအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများထံ အောင်နိုင်ရေးအလံနှင့်ထောက်ပံ့ငွေကျပ် (၁၅)သိန်းကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အာဟာရကြေးအဖြစ် ငွေကျပ် (၁၅)သိန်းကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြရာ လက်ရွေးစင်အသင်းနည်းပြက ကြိုတင်စခန်းသွင်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် လက်ရွေးစင်အသင်းအားကစားသမားများက ပြိုင်ပွဲဝင်ရောက်မည့် အမှတ်ပေးစနစ်အလိုက် မြန်မာ့သိုင်းသရုပ်ပြကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး လက်ရွေးစင်ကိုယ်စားလှယ် တစ်ဦးက အောင်နိုင်ရေးအတွက် ကတိပြုစကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။