ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက တိုင်းရင်းသားစာပေနှင့်ယဉ်‌ကျေးမှု အသင်း အဖွဲ့များထံ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲနှင့် အခြေခံပညာကျောင်းများ၌ KG တန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရနေ့လယ်စာကျွေးမွေး

မြစ်ကြီးနား   သြဂုတ် ၁၅

         ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဒေသတွင်းယာယီတိမ်းရှောင်လာကြသည့် တိုင်းရင်းသားကလေးငယ်များ အဆက်မပြတ်ပညာသင်ယူနိုင်ရေးနှင့် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများ ရရှိရေးအတွက် တိုင်းရင်းသားစာပေယဉ်‌ကျေးမှုအသင်းအဖွဲ့များမှတစ်ဆင့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသတွင်းရှိတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ‌ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် ကျောင်းသုံးစာရေးကိရိယာများကို ယခုလိုဖြည့်ဆည်းဆောင်ရွက်ပေးသည့်အတွက် မိဘများအနေဖြင့် ကျောင်းစာရိတ်၊ ဝန်ထုပ်ဝန်ပိုးများကို အနည်း ငယ်လျှော့ကျ သက်သာစေနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်‌ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းခြင်းသည် လူမျိုးကိုစောင့်ရှောက်ခြင်းဖြစ်သည့်အတွက် လူငယ်များနှင့်ပညာတတ်သော လူ့အဖွဲ့အစည်းအသိုင်းအဝန်း ခိုင်မာဖြစ်ထွန်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

         ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ဗလာစာအုပ်နှင့် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ဒေသတွင်းယာယီတိမ်းရှောင်လာကြသော တိုင်းရင်းသားပြည်သူများအတွက် စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှတစ်ဆင့် ကျောင်းသားမိဘများထံပေးနိုင်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဌာနတိုင်းရင်းသားများဖြစ်သည့် ကချင်မျိုးနွယ်စု (၆) မျိုးအတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းက ဌာနရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၅) မျိုးအတွက်လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးတို့က ဗမာအပါအဝင် ရခိုင်၊ ကရင်၊ ချင်းစသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များထံလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ခေါင်းဆောင်များက ခန်းမရှေ့၌ခင်းကျင်းပြသထားသည့် ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းနာယက ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ၌ KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရနေ့လယ်စာကျွေးမွေးခြင်း အစီအစဉ်ဆောင်ရွက်မှုကို သွားရောက်အားပေးခဲ့ကြသည်။

          ထို့သို့ သွားရောက်အားပေးရာတွင် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်အား ပြည်နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက စုပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များအား အာဟာရဆေးမှုန့်များနှင့်မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအစည်းအဝေးခန်းမ၌ KG တန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်ဖြင့် နေ့လယ်စာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များအား အာဟာရဆေးမှုန့်များနှင့် မုန့်များကို လိုက်လံကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။