မြစ်ကြီးနား သြဂုတ် ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းယာယီတိမ်ရှောင်ပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် မိဘမဲ့ကလေးများပြုစုစောင့်ရှောက်ရေးဂေဟာများရှိ ကလေးငယ်များအဆင်ပြေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များကို သြဂုတ် ၁၆ ရက် နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် (ကြာရာပတ္တီး-အေ) အတွင်းရှိ ရဝမ်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင်ဝင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းယာယီတိမ်းရှောင်ပြည်သူများ မိုးတွင်းကာလအမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေစေရေးအတွက် အတတ်နိုင်ဆုံးကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အိမ်ထောင်စုများအနေဖြင့် လိုအပ်ချက်များအပေါ် ပွင့်ပွင့်လင်းလင်းတောင်းဆို ကြစေလိုကြောင်း အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၅၇)စုတို့အတွက် စုစုပေါင်းငွေကျပ် (၅၇၉၆၉၀၀) တန်ဖိုးရှိ အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန် (၂၄) ပြည်ပါအိတ် (၅၇) အိတ်၊ ဆီ (၅၇) ပိဿာနှင့် ကြက်ဥများကို လည်းကောင်း၊ အလှူရှင်တစ်ဦးက ငွေကျပ် (၅၇) သိန်းကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက စခန်းနေမိသားစုများအတွက် လိုအပ် ချက်များကို တင်ပြဆွေးနွေးသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တပ်ကုန်း(အင်ဂျန်ဒုံ-မြောက်) ရပ်ကွက်၊ နယ်မြေ (၈) အတွင်းရှိ မေတ္တာရင်ခွင်မိဘမဲ့ကလေးများဂေဟာသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကာလတွင် ကုန်ဈေး နှုန်းကြီးမြှင့်မှုကြောင့် ကလေးငယ်များ နေထိုင်စားသောက်မှုအဆင်ပြေစေရေး လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဂေဟာတာဝန်ခံများအနေဖြင့် ကလေးများပညာသင်ကြားရာတွင် လည်းကောင်း၊ နေထိုင်စားသောက်ရာတွင် လည်းကောင်း၊ ကျန်းမာရေးအတွက်လိုအပ်ချက်၊ အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်နှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂေဟာရှိ ကျောင်းသားကလေးများအတွက် ဆန် (၂၄) ပြည်ပါအိတ် (၅၀)အိတ်၊ ဆီပိဿာ (၅၀)တို့ကို လည်းကောင်း၊ အလှူရှင်တစ်ဦးက ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ ကလေးများကိုယ်စား ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး ကလေးငယ်များက ထောက်ပံ့ပေးအပ်မှုအပေါ် ချီးမွမ်းသီချင်း သီဆိုပေးကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ Gread Happy Land မိဘမဲ့ကလေးများပြုစုစောင့်ရှောက်ရေးကျောင်းသို့ ဆက်လက်သွားရောက် ပြီး ကလေးငယ်များနှင့် ကျောင်းတာဝန်ခံဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး စကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆန် (၂၄) ပြည်ပါ ဆန်အိတ် (၃၀)အိတ်နှင့် ဆီပိဿာ ၃၀ ကိုလည်းကောင်း၊ အလှူရှင်ဦးရဲရင့်ဆွေက ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြရာ ကလေးငယ်များကိုယ်စား ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားနှင့်ကလေးများက စားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခြင်းအတွက် ချီးမွမ်းသီချင်းသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နိဂုံးချုပ်အားပေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။



