မြစ်ကြီးနား သြဂုတ် ၁၈
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိဘကလေးဂေဟာများ၊ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ကျောင်းသားကလေးငယ်များ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် ပညာသင်ကြားမှုချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၁၈ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ ကံ့ကော်မြိုင်ကျေးရွာအတွင်းရှိ VOHBIK ကလေးများဂေဟာနှင့် မနောသုခဘုန်းတော်ကြီးကျောင်းတို့အား သွားရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမျိုးမင်းသိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ပလန (၂) ကံ့ကော်မြိုင်ကျေးရွာအတွင်းရှိ VOHBIK ကလေးများဂေဟာသို့ သွားရောက်ပြီး ဂေဟာတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကလေးငယ်များနှင့်တွေ့ဆုံသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနာယက ဒေါ်နန်ဆိုင်းတို့က ကျောင်းသား/ ကျောင်းသူများအတွက် ဆန် (၂၄) ပြည်ပါအိတ် ၅၀ အိတ်၊ ဆီပိဿာ ၅၀ ၊ ကြက်ဥအလုံး (၅၀၀) တို့နှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၁၇၁) ဒါဇင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဂေဟာတာဝန်ခံကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကာလအတွင်း မိဘမဲ့ကလေးဂေဟာများ၌ ကျောင်းသားများ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် ပညာကို အေးချမ်းစွာသင်ကြားနိုင်ရေးအတွက် ယခုလိုတတ်နိုင်သလောက်လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း အားပေးပြောကြားခဲ့ကာ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအတွင်းရှိ မဇ္စျိမလာဘထိုင်တော်မူဘုရားကြီးဝင်းအတွင်းရှိ မနောသုခဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနာယက ဒေါ်နန်ဆိုင်းတို့က ဘုန်းတော်သင်ပညာရေးကျောင်းမှ ကျောင်းသား/ ကျောင်းသူများအတွက် ဆန် (၂၄) ပါ အိတ် (၃၀)အိတ်၊ ဆီပိဿာ ၃၀ ၊ ကြက်ဥ အလုံး ၃၀၀၊ ဗလာစာအုပ်ဒါဇင် (၁၆၁) ဒါဇင်တို့ကို ဘုန်းတော်ကြီးထံပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများအား အားပေးအမှာစကားပြောကြားခဲ့ကြ ကြောင်း သိရသည်။



