ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စုများနှင့် ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆန်နှင့်အခြေခံစားသောက်ကုန်များထောက်ပံ့

မြစ်ကြီးနား   သြဂုတ် ၂၃

         ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်ပြည်သူများ မိုးတွင်းကာလ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် စီစဉ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၃ ရက် နံနက် ၉ နာရီ က မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းနှင့် ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆန်နှင့် အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်း ဦးလာမြာတားပိုင် ခြံကွက်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်အတွင်းမှ အိမ်ထောင်စုများအား ရွှေစက်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ သွားရောက်တွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်လာသော မိသားစုများအား မိုးတွင်းကာလအတွင်း မိုးလုံလေလုံနှင့် စားသောက်မှုအဆင်ပြေစေရေး အတတ်နိုင်ဆုံး ထောက်ပံ့ကူညီပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိသားစုများ၏ ကျောင်းသားကလေးငယ်များကိုလည်း စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးနှင့် ပညာရည်ထူးချွန်သော ကလေးလူငယ်များ ဖြစ်ထွန်းလာစေရေး လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုလည်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု (၁၇၀) အိမ်ထောင်စု တို့အတွက် စုစုပေါင်း ငွေကျပ် (၁၈၇၂၉၀၀၀)တန်ဖိုးရှိ ဆန် (၂၄) ပြည်ပါ အိတ် (၃၅)အိတ်၊ ဆီ (၃၆)ပိဿာ၊ ကြက်ဥ (၃၄၀၀)လုံးနှင့် ဗလာစာအုပ် (၁၂၀)အုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် အိမ်ထောင်စုများအတွက် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စခန်းအတွင်း ကျောင်းသားကလေးများ စာကျက်ဆောင် ဆောက်လုပ်နိုင်ရေး ဝါးများဝယ်ယူရန် ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကာ နိဂုံးချုပ် အားပေးအမှာစကား ပြောကြားသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်း ကျောင်း၊ ရွှေသွေးခန်းမ၌ ဗန်းမော်ခရိုင်မှ နယ်မြေလုံခြုံရေးအခြေအနေအရ ပြည်နယ်ရုံးများတွင် တွဲဖက်လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေအခြေအနေအရ ယခုလို လာရောက်တွဲဖက်တာဝန်ထမ်းဆောင်ကြသော ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပညာရေးဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ပညာရေးဌာနနှင့် ညှိနှိုင်းပေါင်းစပ်၍ စီစဉ်ဆောင်ရွက်ပေးပါကြောင်း၊ ထို့အပြင် ဝန်ထမ်းမိသားစုများကိုပါ ပညာသင်ကြားရေး၊ ကျန်းမာ ရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဝန်ထမ်းများအနေဖြင့် စဉ်ဆက် မပြတ်တာဝန်ထမ်းဆောင်ကြရေးနှင့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အားလုံးက ပူးပေါင်းပါဝင်ကြရေး တိုက်တွန်းအားပေးပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗန်းမော်ခရိုင်အတွင်းမှ ထောက်ပံ့ရန်ကျန်ရှိသည့် ပညာရေးဝန်ထမ်းမိသားစု (၃၆) စုတို့အတွက် စုစုပေါင်းငွေကျပ် ၃၆၆၁၂၀၀ တန်ဖိုးရှိ ဆန် (၂၄) ပြည်ပါ အိတ် (၃၆)အိတ်၊ ဆီ (၃၆) ပိဿာနှင့် ကြက်ဥများကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ဝန်ထမ်းများကိုယ်စား ကျောင်းဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အားပေးအမှာစကားပြောကြားခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။