မြစ်ကြီးနား သြဂုတ် ၂၅
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ သား/ငါး စားသုံးမှုဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ပုဂ္ဂလိကပိုင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နန်းကွေ့ ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းကွေ့ကျေးရွာ၊ နယ်မြေ (၄) အတွင်းရှိ ပိုင်ရှင်ဦးအောင်သူလင်း၏ အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး ကြက်ခြံ (၂) အတွင်း အသားတိုးကြက်သားပေါက်နှင့် ကြက်ကြီးကောင်ရေ (၃၅၀၀)ကျော်အား စနစ်တကျမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဒေသတွင်းပြန်လည်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများနှင့် ကြက်သားပေါက်နှင့် ကြက်စာဝယ်ယူရရှိနိုင်ရေး၊ လွယ်ကူမြန်ဆန်စွာ သယ်ယူရရှိရေးတို့အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိရစ္ဆာန်အာဟာဖြည့်စွက် အစာအိတ်များနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အတူ အဆိုပါ ကျေးရွာအတွင်း ဒေသကျွဲများ မွေးမြူ၍လွတ်ကျောင်းစနစ်ဖြင့် မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျွဲများအား ခြံလှောင်စနစ်ဖြင့် နည်းစနစ်တကျ မွေးမြူနိုင်ရေးပိုင်ရှင်နှင့် တာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာအတွင်း ပိုင်ရှင် ဦးဝင်းဆွေ၏ အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး အသားတိုးဝက်များအား စနစ်တကျ မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဒေသတွင်း ဝက်ခုံများသို့ ဖြန့်ဖြူးရောင်းချပေးနိုင်မှု အခြေအနေများနှင့် ဝက်သားပေါက်နှင့် ဝက်စာဝယ်ယူရရှိမှု အခြေအနေများ၊ တိရစ္ဆာန်ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ စနစ်တကျ ပြုစုဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကာ မွေးမြူရေးအထောက် အကူပြုဆေးဝါးပစ္စည်းများနှင့် အစာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။



