ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေပျော်စံပြကျေးရွာရှိ အိမ်ထောင်စုများ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် စတုတ္ထအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား   သြဂုတ် ၂၆

         ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်း ဒေသတွင်းနေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်‌ရေးနှင့် နေရာချထားပေးခဲ့သည့် ငွေပျော်စံပြကျေးရွာရှိ ပြည်သူများ သက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာခန်းမ၌ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ယခုအကြိမ်ဆိုလျှင် မွေးမြူ‌ရေးတိရစ္ဆာန်များကို စတုတ္ထအကြိမ်ထောက်ပံ့ပေးအပ်ခြင်းပင်ဖြစ်ပါကြောင်း၊ သို့မှသာ နေရပ်စွန့်ခွာပြောင်းရွေ့နေထိုင်သော အိမ်ထောင်စုများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲများ တစ်ဖက်တစ်လှမ်းက ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မွေးမြူရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် မိသားစုဝင်ငွေတိုးလာနိုင်ပြီး လူမှုစီးပွားဘဝမြှင့်တင်လာစေရန် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိရစ္ဆာန်များကို နည်းစနစ်တကျ မွေးမြူနိုင်ခြင်းအားဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိစေသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း အကျိုးပြုမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော် က နေရပ်စွန့်ခွာပြည်သူများအား မွေးမြူရေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာနကဆောင်ရွက်ခဲ့သည့် အစီအစဉ်များနှင့် ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပလန(၃) ကံ့ကော်မြိုင်ကျေးရွာမှ အိမ်ထောင်စု (၄၀)တို့အတွက် ဒေသဝက်ကောင်ရေ (၄၀)၊ ပလန (၆) သဇင်မြိုင်ကျေးရွာ၊ အိမ်ထောင်စု (၁၇)စု တို့အတွက် ဒေသဆိတ်ကောင်ရေ (၁၇)ကောင်၊ ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၂၀)တို့ အတွက် ဒေသကြက်ကောင်ရေ (၂၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာများအတွင်းရှိ မွေးမြူရေးတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ငွေပျော်ကျေးရွာအုပ်ရေးမှူးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးရွာအတွင်း မိုးရာသီရေဝပ်မှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးခဲ့သည့် ကျောက်စီရေနှုတ်မြောင်း(၃၀၀၇)ပေ ဆောင်ရွက်ပြီးစီးမှုအပေါ် ရေကျော်နေရာ၌ ရေထွက် ပေါက်နေရာ ပြုပြင်တည်ဆောက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျေးရွာအတွင်း အမျိုးသမီးများ မိသားစုဝင်ငွေတိုးပွားရေးအတွက် ရိုးရာရက်ကန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာနေမိသားစုများ ရက်ကန်းလုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရေးအတွက် စနစ်တကျဆောင်ရွက်နိုင်ရေး အဆောင်တစ်ခု ဆောက်လုပ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသတွင်းနေရပ်စွန့်ခွာတိမ်းရှောင် ပြည်သူ များအား ပြန်လည်ထူထောင်ရေးနှင့် နေရာချထားပေးနိုင်ရေးအတွက် တိုးချဲ့တည်ဆောက်လျက်ရှိသော လုံးချင်းနေအိမ်အသစ်များ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအနီး အသားတိုးကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးသိန်းဟန် မိသားစုပိုင် ကြက်ခြံများ၌ ကြက်သားပေါက်ကောင်ရေ (၇၃၀၀)နှင့် ကြက်ကြီးကောင်ရေ (၆၅၉၂)ကောင်တို့အား စနစ်တကျမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကူးစက်ရောဂါများမဖြစ်ရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် တိုးချဲ့မွေးမြူနိုင်ရေး၊ ဒေသတွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ် ဗီဒီယိုအခြေခံအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။

          ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးရေးအတွက် အနုပညာကဏ္ဍဖြင့် ရပ်တည်ပေးကြသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) မှ ဥက္ကဋ္ဌတို့အား လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ပြည်နယ်အတွင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီကို ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်သကဲ့သို့ ယနေ့ ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခြင်းဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ ဗီဒီယိုလုပ်ငန်းနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပေါ် စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်များနှင့်အညီ ညှိနှိုင်းပေါင်းစပ်ပြီး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်၏ အနုပညာလုပ်ငန်းနှင့် အနုပညာအသိုက်အဝန်းကို ပိုမိုစနစ်ကျပြီး တိုးတက်စေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးကြသူများ အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

          ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ စည်းရုံးရေးမှူး (၁) သရုပ်ဆောင်ခန့်စည်သူက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုယ်စား ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့ကို လာရောက်ဖွဲ့စည်းပေးသည့်ကိစ္စရပ်များနှင့် ပြင်ဆင်ဖွဲ့စည်းပေးလိုက်သော ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများအား အနီးကပ်ကြီးကြပ်လမ်းညွှန်မှုပေးနိုင်ရေး ရှင်းလင်းတင်ပြပြီး ဗီဒီယိုအခြေခံအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးလှမျိုးက ဗီဒီယိုအခြေခံအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့အား ခေတ်အဆက်ဆက်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့အတွက် ရုံးမြေနေရာပိုင်ဆိုင်မှုအတွက် ဂရန်ရရှိရေးကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဗီဒီယိုလုပ်ငန်းလိုင်စင်ထုတ်ပေးရေး၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းလိုင်စင်များ ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်ရာတွင် ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့အနေဖြင့် ညှိနှိုင်းပေါင်းစပ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ကူညီပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။