ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်

သြဂုတ် ၃၀   မြစ်ကြီးနား

         ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည့် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကာလသည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအကြိုကာလလည်းဖြစ်သည့်အတွက် မြို့နယ်အလိုက် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုဆောင်ရွက်ရန် လိုအပ်သောကြောင့် Pilot Project စီမံချက်ကို ပထမဦးဆုံးဆောင်ရွက်သွားမှာ ဖြစ်၍ တက်ရောက်လာသည့် ဧည့်သည်တော်များမှလည်း အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ‌ရေး ဆောင်ရွက်ရာ တွင် လိုအပ်သောနည်းပညာနှင့်ပတ်သက်သော လုံခြုံရေးအသုံးအဆောင်ပစ္စည်းများအပြင် တပ်ဖွဲ့ဝင်များ/မိသားစုများ နေထိုင်ရန်အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ ထောက်ပံ့ငွေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု စီမံချက်အပေါ်တွင်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အပြင် စီမံချက်လုပ်ငန်းဆောင်ရွက်မှုအပေါ် မူတည်၍ အခြားမြို့နယ်များ၌လည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း မှာကြားသည်။

          ထို့နောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်/ ကျေးရွာများအတွင်း အုပ်ချုပ်ရေးယန္တရားခိုင်မာစေရန် ပြည်သူ လူထုနှင့်ပူးပေါင်းဆောင်ရွက်သွားမည့် Pilot Project စီမံချက်များအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          အဆိုပါ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။