မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ် မြို့/ကျေးရွာများကို စွန့်ခွာ၍ ယာယီထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်သီတဂူစက္ကုဒါနဆေးရုံ၌ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သွာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် သီတဂူစက္ကုဒါနဆေးရုံ၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွမ်၊ ဆရာဝန်များနှင့်အတူ အဆိုပါအံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်အတွင်း လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်ပြည်သူများအား ကျန်းမာရေးစစ်ဆေးကု သပေးခြင်း၊ ဆေးဝါးများအခမဲ့ပေးခြင်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့နောက် ဆေးဝါးကုသမှုခံယူရန် လာရောက်ကြသော ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်သူများအား မုန့်နှင့်ဖျော်ရေဘူးများကို လိုက်လံပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီခိုလှုံနေထိုင်ရာစခန်းအတွင်းရှိ အိမ်ထောင်စုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ဖြည့်ဆည်းပေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


