ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား၊ အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ဆန်နှင့်စားသောက်ကုန်များ ထောက်ပံ့၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd CAEXPO) တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်ရာမြို့အဖြစ် ပါဝင်ပြသနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   စက်တင်ဘာ ၁

         ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံနှင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး စသည့်အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ဖူဆယ်ပြိုင်ပွဲသည် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို သွားရောက်နေခြင်းပင်ဖြစ်သည့်အပြင် ပြည်နယ်ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့စိတ်ဝင်စားသည့် အားကစားနည်းများတွင် ယခုလိုပါဝင်ယှဉ်ပြိုင်ကြသကဲ့သို့ ကျောင်းစာတွင်လည်း ကြိုးစားသင်ယူကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

            ထို့နောက် ပြိုင်ပွဲဝင်ဘာသာရပ်ပေါင်းစုံမှ အမျိုးသားအသင်း(၁၁)သင်း၊ အမျိုးသမီး (၃) သင်းတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲများကို ဖူဆယ်ဘောလုံးချစ်ပရိတ်သတ်များ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက အကောင်းဆုံးကစားသမားဆုရ အမျိုးသမီးပြိုင်ပွဲဝင်များအား လည်းကောင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒုတိယဆုရ အသင်းများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းက ပထမဆုရ စိတ်ပညာဘာသာရပ် အမျိုးသမီးဖူဆယ်အသင်းအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အကောင်းဆုံးကစားသမားဆုရ အမျိုးသားပြိုင်ပွဲဝင်များအား လည်းကောင်း၊ တတိယ၊ ဒုတိယဆုရ ဖူဆယ်ဘောလုံးအသင်းများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဓာတုဗေဒဘာသာရပ်အသင်းအား လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက်အတွင်းရှိ အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်၊ သာသနာ့ဗိမ္မာန်၌ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ဆင်ဘို၊ တာလောကြီး၊ ဗန်းမော်မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

          ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က အိမ်ထောင်စု (၁၄၁) စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၁၄၁)အိတ်၊ ဆီ (၁၄၁) ပိဿာနှင့် ကြက်ဥ ၂၈၂၀ လုံးတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာာ ယာယီတိမ်းရှောင်ပြည် သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး ယခုလို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ရေးအတွက်ကိုလည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်စုများ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CAEXPO)တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့ အဖြစ် ပါဝင်ပြသနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME စီးပွားရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့အား နိုင်ငံကိုယ်စားပြု နှစ်လိုဖွယ်ရာမြို့အဖြစ် ဂုဏ်ယူစွာပြသသွားရမည်ဖြစ်သည့်အပြင် ဒေသထွက်ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆပ်ကော်မတီတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များအနေဖြင့်လိုအပ်သည်များ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းတင်ပြကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကုန်စည်ပြပွဲတွင် ပါဝင်ပြသသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် နှစ်လိုဖွယ်ရာမြို့အဖြစ် ပြသဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နှစ်လိုဖွယ်ရာမြို့ မိတ်ဆက် ဗီဒီယိုကလစ်နှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ကုန်စည်ပြပွဲနှင့် နှစ်လိုဖွယ်ရာမြို့ ပြခန်းအတွက် သွားရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားရှိမှုများကို အသီးသီးတင်ပြကြ သည်။

          ယင်းနောက် MSME လုပ်ငန်းရှင်များက ကုန်စည်ပြပွဲအတွင်း ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များအပါအဝင် ပါဝင်ပြသသွားမည့် ကုန်စည်ပစ္စည်းများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။