မြစ်ကြီးနား စက်တင်ဘာ ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့က (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် တတိယဆုနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြုအဆင့် (၅) ရရှိခဲ့သော ကချင်ပြည်နယ်သား ကာယဗလအားကစားသမား မောင်မောင်စိုင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရပြည်နယ် လက်ရွေးစင်ဖူဆယ်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကချင်ပြည်နယ်မှ နိုင်ငံ့ကိုယ်စားပြုပြီး အရှေ့တောင်အာရှနှင့် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပြီး နိုင်ငံနှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သော မောင်မောင်စိုင်းအား ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ကြသော ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းပင်ဖြစ်ပါကြောင်း၊ ယခုလို အားကစားဖြင့် နိုင်ငံ၏ ဂုဏ်၊ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြသော အားကစားသမားများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စဉ်ဆက်မပြတ်ပံ့ပိုးကူညီသွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ အောင်မြင်မှုများကို လူငယ်များအတုယူနိုင်ရေး ဆက်လက်ကြိုးစားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ကိုယ်စားပြု တတိယဆုနှင့် အဆင့် (၅) ရရှိခဲ့သော ကာယဗလအားကစားသမား မောင်မောင်စိုင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀၊ နည်းပြ ဦးစိန်မြင့်ဇော်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရပြည်နယ်လက်ရွေးစင်အမျိုးသားအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၉၁ သိန်းတို့ကို လည်းကောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလအောင်က ဖူဆယ်အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို လည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက မောင်မောင်စိုင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် လက်ရွေးစင်အဖြစ် ရွေးချယ်လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ် အားကစားသမား (၂)ဦးတို့က ကာယဗလနှင့် ကာယကြံ့ခိုင်မှုကို စိတ်ကြိုက်ကိုယ်ဟန်ပြပုံစံဖြင့် သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အဖြစ် ရွေးချယ်ထားသော ကာယဗလအားကစားသမားများအတွက် ငွေကျပ် (၁) သိန်းစီကို ချီးမြှင့်ပေးအပ်ခဲ့ကာ လက်ရွေးစင်အားကစားသမားများနှင့်အတူ ဂုဏ်ပြုလက်ဘက်ရည်ဝိုင်းဖြင့် အတူတကွ သုံးဆောင်ခဲ့ကြသည်။


