မြစ်ကြီးနား သြဂုတ် ၃
နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ အသက် (၁၀၀)နှစ်နှင့်အထက် ဘိုး/ဘွားများအား ဂါဝရပြုထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်နိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၃ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဘိုးဘွားများသည် ယခင်က နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသဖြင့် မိမိတို့ ယခုလို ရပ်တည်နေထိုင်နိုင်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဘိုးဘွားမိဘများကို အောက်မေ့သတိရပြီး ကျေးဇူးဆပ်သည့်အနေဖြင့် ယခုလို ပူဇော်ကန်တော့ခွင့်၊ ဂါဝရပြုခွင့်ရသည့်အတွက် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘိုးဘွားများအား စာရင်းပြုစုခြင်း၊ ဂါဝရပြုလက်ဆောင်ပေးခြင်းတို့ကို စနစ်တကျ စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် သက်ကြီးဘိုး/ဘွားများအား ဖိတ်ကြား၍ ဂါဝရပြုကန်တော့သွားမည့် အစီအစဉ်များနှင့် စီမံဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွား ၁၄၇၈ ဦးတို့အား ဂါဝရပြုထောက်ပံ့သွားမည့် အစီအစဉ်များနှင့် အခမ်းအနားတွင် ဘိုး/ဘွား (၇၀)တို့ဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အသက် (၁၀၀)နှစ်အထက် ဘိုးဘွား(၃)ဦးတို့အား ဂါဝရပြုထောက်ပံ့သွားမည့် အစီအစဉ်များကို သက်ဆိုင်ရာဆပ်ကော်မတီအလိုက် တင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘိုး/ဘွားများအား ဂါဝရပြုပူဇော် ကန်တော့ရာတွင် ထောက်ပံ့မှုများကို ဌာနဆိုင်ရာအားလုံးကပါ ပူးပေါင်းပါဝင် ထောက်ပံ့နိုင်အောင် စီစဉ်ဆောင်ရွက်ပေးရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မြို့တော်ခန်းမသစ်တည်ဆောက်လျက်ရှိသည့် စီမံကိန်းနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့တော်ခန်းမသစ် (၁၈၅’×၁၂၄’×၃၃’) လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်၌ ခန်းမသစ်အား တင်ဒါအောင်မြင်၍ တာဝန်ယူတည်ဆောက်လျက်ရှိသော JADELAND Myanmar Co; ltd မှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စီမံကိန်းတန်ဖိုးအလိုက် ဆောင်ရွက်ပြီးစီးရမည့် လုပ်ငန်းများအပေါ် ပစ္စည်း စုစောင်းထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အဆောက်အအုံတည်ဆောက်ပြီးစီးပါက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားရမည့် အပိုင်းလိုက်လုပ်ငန်းစီမံကိန်းများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့တော်ခန်းမသစ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်ခန်းမကို ခေတ်စနစ်နှင့် လျော်ညီပြီး ကချင်ရိုးရာဒီဇိုင်းများဖြင့် တည်ဆောက်နိုင်ရန် ယခင်ခန်းမကို ဖျက်သိမ်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တည်ဆောက်ခြင်းဖြစ်သည့်အတွက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် လုပ်ငန်းများ အရည် အသွေးပြည့်မီစွာပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ တွက်ချက်တင်ပြနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


