ကချင်ပြည်နယ်ဝန်ကြီးချုပ် ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါးရာနှုန်းပြည့်အထွက်နှုန်းရရှိရေး တောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိန်ကိုက် အချိုးကျရောစပ်သုံးစွဲခြင်းနှင့် ရွက်ဖျန်းမြေသြဇာပက်ဖျန်းခြင်း တောင်သူပညာပေး ကွင်းသရုပ် ပြပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား   စက်တင်ဘာ ၅

         ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ (ကံ့ကော်မြိုင်)ကျေးရွာ၊ ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါးရာနှုန်းပြည့်အထွက်တိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။

          ရှေးဦးစွာ တောင်သူ ဦး၏ မိုးစပါးစိုက်လယ်အနီး၌ ကံ့ကော်မြိုင်ကွင်းအတွင်းရှိ မိုးစပါးစိုက် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အဓိကစိုက်ပျိုးသည့် စပါးခင်းများ အထွက်တိုးရေး “မျိုး၊ မြေ၊ ရေ၊ နည်းစနစ်” များအပြင် သွင်းအားစုများကို အချိန်ကိုက် အချိုးကျ အပြည့်အဝထည့်သွင်းနိုင်ရေးသည် အရေးကြီးပါကြောင်း၊ စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှသာ တောင်သူများအနေဖြင့်လည်း စီးပွားဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊ ထို့အတူ မြေဆီလွှာရေရှည်တည်တံ့ဖွံ့ဖြိုးရေး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျရောစပ်သုံးစွဲကြရန် အလေးအနက်ထားတိုက်တွန်းလိုပါကြောင်း၊ သို့ဖြစ်ပါ၍တောင်သူဦးကြီးများအနေဖြင့် ယခုလိုနည်းစနစ်ကျစိုက်ပျိုးရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို နည်းစနစ်ကျနစွာ လိုက်နာဆောင်ရွက်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အတူတကွပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကွင်းအတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် သီးနှံအရည်အသွေးကောင်းမွန်စေပြီး အထွက်နှုန်း တိုးတက်စေရေး Paclobutrazol (ဗျူထရာဗဇာ)ဆေး၊ ရွက်ဖျန်းမြေသြဇာအိတ်များနှင့် ပိုတက်မြေသြဇာအိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူတစ်ဦးက သွင်းအားစုများ ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်စကားနှင့် သီးထပ်စိုက်ပျိုးရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက် သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်အတူ ကံ့ကော်မြိုင်ကွင်း၊ ကွင်းအမှတ် (၄၅) အတွင်းရှိ တောင်သူ ဦးဇော်ဝမ်း၏ မိုးစပါးစိုက်လယ်၌ လည်းကောင်း၊ တောင်သူဦးခိုင်ဝင်း၏ မိုးစပါးစိုက် လယ်၌ လည်းကောင်း၊ တောင်သူ ဦးရာတားဖူး၏ မိုးစပါးစိုက်လယ်၌ လည်းကောင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်တောင်သူများက စပါးခင်းအတွင်းစပါးအထွက်တိုးရေးဓာတ်မြေသြဇာ နှင့် သဘာဝမြေသြဇာများ အချိန်ကိုက် အချိုးကျရောစပ်အသုံးပြုခြင်းနှင့် ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြအသုံးပြုပက်ဖျန်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကွင်းအတွင်းရှိ တောင်သူများအား မိုးစပါးပြီးပါက သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ဆောင်ရွက်သွားရမည့် နည်းလမ်းများ၊ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၌ မိုးစပါးစိုက်ဧကပေါင်း ၄၈၀၁၀၃ ဧက စိုက်ပျိုး နိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၃၃၉၀၃၇၂၇၂ တင်း ထွက်ရှိခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း မိုးစပါးအထွက်နှုန်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးရေးအတွက် ယခုကဲ့သို့ စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး၊ သွင်းအားစုများ အချိန်ကိုက် အချိုးကျပြည့်ဝစွာထည့်သွင်းပေးနိုင်ရေးတို့ကို တောင်သူအသိပညာပေးခြင်း၊ သွင်းအားစုများ ထောက်ပံ့ခြင်းတို့ ကို ဆောင်ရွက်လျက်ရှိသဖြင့် ယခု ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စပါးစိုက်ပျိုးမှုဧကပေါင်း ၅၀၀၀၀ ကျော် အထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားသတ်မှတ်ခဲ့ရာ သြဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းကောက်ယူမှုအရ စပါးစိုက်ဧက ၄၆၄၃၄၄ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရ သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊တာဝန်ရှိသူများနှင့် ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲတွင် အဆင့်အတန်းမြင့်မြင့်၊ ဂုဏ်သိက္ခာရှိစွာ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့်စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် အောင်မြင်စွာကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ ရွေးချယ်စေလွှတ် ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်သဖြင့် လိုအပ်သည်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအပေါ်ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဗဟိုအဆင့် ပြိုင်ပွဲသို့ သတ်မှတ်ထားသည့် ပြိုင်ပွဲအမျိုးအစား၊ အသက်အရွယ်အလိုက်ပါဝင်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲမှ အရည် အချင်းပြည့်မီသည့် ပြိုင်ပွဲဝင်များအား စနစ်တကျ ရွေးချယ်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များ၊ အတည်ပြုဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ယခင်နှင့်ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်အကြုံပြုဆွေးနွေးကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ပြိုင်ပွဲအား အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ်ပြီး အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များအား စိစစ်ရွေးချယ်၍ ဗဟိုအဆင့်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်နိုင်‌ရေး၊ လိုအပ်သည့် အုပ်ချုပ်/ ထောက်ပံ့မှု အစီအစဉ်များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။