မြစ်ကြီးနား စက်တင်ဘာ ၈
နှစ်စဉ် စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယခုနှစ် ၂၀၂၅ ခုနှစ်တွင် “ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေးမြှင်တင်စို့” ဆောင်ပုဒ်ဖြင့် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာကျောင်းသား/ ကျောင်းသူများက “ဝ ထ က လ သ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်တွင် ဘဝ၏ နယ်ပယ်များစွာတွင် ထိုးဖောက်ဝင်ရောက်လျက်ရှိပြီး စာတတ်မြောက်မှုသည် ဒစ်ဂျစ်တယ်စနစ်၏ အကျိုးကျေးဇူးများကို ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်ယူမှုဝန်းကျင်ချဲ့ထွင်နိုင်ရန်အတွက် စာတတ်မြောက်မှုသည် အဓိကပင်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းသည့် ဒေသများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအပါအဝင် လိုအပ်လျှက်ရှိသည့် ကျောင်းပြင်ပနှင့် တစ်သက်သာ ပညာ ရေးအစီအစဉ်များကို ဖော်ဆောင်ရန်လည်း အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ စာမတတ်သူပပျောက်ရေးအတွက် အားလုံးက ကူညီပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကိုလည်းကောင်း အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ကျောင်းသူမယဉ်မွန်ကျော်က တပင်တိုင်အကဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ထက်၊ လယ်၊ မူ အဆင့်စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသူလေးများက လက်ပံကောက် တေးသီချင်းသရုပ်ဖော်အကဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ခန်းမ၌ အတွင်း ခင်းကျင်းပြသထားသော ဆုရပြိုင်ပွဲဝင်များ၏ မှတ်တမ်းများ စာစီစာကုံး၊ ပန်းချီနှင့်ကဗျာများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ အားကစားကွင်းအတွင်းရှိ ငြိမ်းချမ်းသာယာဘက်စုံသုံးအားကစားခန်းမဆောင်အပေါ်ထပ်၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကိုယ် ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်လက်ရွေးစင် အေရိုးဗစ်အသင်း၏ စခန်းသွင်းလေ့ကျင့်ပြင် ဆင်လျက်ရှိသည့်အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်လက်ရွေးစင်အသင်းနည်းပြက ပြိုင်ပွဲ၏ သတ်မှတ်ချက်အတိုင်း ပြိုင်ပွဲဝင်များအား စခန်းသွင်းလေ့ကျင့်နေမှုကို ရှင်းလင်းတင်ပြပြီး (၉) ယောက်တွဲ၊ (၃) ယောက်တွဲနှင့် တစ်ဦးချင်း ပြိုင်ပွဲဝင်မည့် ပုံစံဖြင့် လေ့ကျင့်သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအတွက် ချီးမြှင့်ငွေကျပ် ၁၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဒုတိယထပ်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲဝင်ရောက်နိုင်ရေး အပြီးသတ် လူရွေးချယ်၍ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုဝင် သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သည်။
ရှေးဦးစွာ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖော်ဖြေဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကချင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/ အမှုထမ်းများ၏ သား/သမီးများထဲမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုလိုထူးချွန်ဆုများ ပေးအပ်ခြင်းသည် ပညာရေးတိုးတက်လာစေရန်၊ လူချွန်လူကောင်း၊ ပညာတတ်လူငယ်မောင်မယ်များဖြစ်ကြပြီး တိုင်းပြည်၏ အနာဂတ်တွင် ဦးဆောင်ဦးရွက်ပြုနိုင်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသော (၄) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၄) ဦးနှင့် ရိုးရိုးအောင် (၅) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ဂုဏ်ထူးရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။







