ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား)၌ ဖွင့်လှစ်ခဲ့သော မိုးရာသီမြန်မာ့သိုင်းသင်တန်း ဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား   စက်တင်ဘာ ၉

         ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ပြည်နယ်အစီုးရအဖွဲ့ရုံး မေခခန်းမ၌ ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးတွင် ပြိုင်ပွဲဝင် (၈၈)ဦးတို့ဖြင့် (၂) ရက်ကြာ ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ နံနက် (၈) နာရီက ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်ကြသည့် အဆင့်မြင့်ဆုံးအမျိုးသားရေးအားထုတ်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် တိုင်းရင်းသားအသီးသီးတို့၏ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့သည့်အတွက် ဓလေ့ထုံးစံများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်းမရှိအောင် အားလုံးကဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ ပြိုင်ပွဲဝင်များ အနေဖြင့် ဘိုဘွားအစဉ်ဆက်က ထိန်းသိမ်းလာခဲ့ကြသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ပြိုင်ပွဲမှ အရည်အချင်းပြည့်ဝသည့် အနုပညာရှင်များအား ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်နိုင်ရေး စိစစ်ရွေးချယ်သွားမည်ဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရန်လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့က ဂျိမ်းဖောသမီးတို့၏ ဘဝသရုပ်ဖော်တေးသီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆုများပေးအပ်ချီးမြှင့်၍ ဆုရပြိုင်ပွဲဝင်များအား စိစစ်ရွေးချယ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ပြင်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်ပေးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်ရာမြို့အဖြစ် ပါဝင်ပြသသွားမည်ဖြစ်ရာ အဆိုပါ နှစ်လိုဖွယ်ရာမြို့ပြခန်းတွင် ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေသွားမည့် ရိုးရာအကအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာခဲ့ကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ ဝင်များ၊ ဒိုင်အဖွဲ့များ၊ မြို့နယ်များမှ လာ‌ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်လူငယ်မောင်မယ်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          အဆိုပါ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲအတွက် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ရွှေကူနှင့် ပူတာအိုမြို့နယ်များမှ ပြိုင်ပွဲဝင် (၈၈) ဦးတို့က အသက်အရွယ်အပိုင်းအခြားဖြင့် ဘာသာရပ်အလိုက် ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးတို့ တွင် (၂)ရက်ကြာ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူများအား စိစစ်ရွေးချယ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ယှဉ်ပြိုင်သွားမည်ဖြစ်သည့်အပြင် အဖွဲ့လိုက်အကများဖြစ်သည့် အခြေခံကဗျာလွတ်အကအဖွဲ့၊ လော်ဝေါ်ရိုးရာတိုင်းရင်းသားအကအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး၏ ထားဝယ်ရိုးရာ “ယန်း”အကအဖွဲ့တို့ကို ပြိုင်ပွဲကျင်းပ‌ရေးကော်မတီမှ လေ့ကျင့်သင်ကြား ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော မိုးရာသီ မြန်မာ့သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ သင်တန်းဆင်း သင်တန်းသား/ သင်တန်းသူများအနေဖြင့် မြန်မာ့သိုင်းအားကစားနည်းတွင် ပါဝင်သည့်ပညာရပ်များကို ဆက်လက် လေ့လာသင်ယူပြီး မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်စေရန်၊ ခုခံကာကွယ်စေရန်အပြင် လိုအပ်ပါက မိမိတို့ ပြည်နယ်၊ မိမိတို့ နိုင်ငံတော်အတွက် ကာကွယ်စောင့်ရှောက်နိုင်အောင် ကြိုးစားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် သင်တန်းမှ ပြည်နယ်လက်ရွေးစင်များအဖြစ် ပါဝင်နိုင်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် ပြည်နယ်အဆင့်မှ နိုင်ငံလက်ရွေးစင်အထိ အကောင်းဆုံးဆက်လက်ကြိုးစားကြရန် အလေး အနက်ထားတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ သင်တန်းဆင်း သင်တန်းသား/သင်တန်းသူများက သင်တန်းတွင် လေ့ကျင်သင်ကြားပေးခဲ့သော မြန်မာ့သိုင်းပညာရပ်များအား လက်တွေ့သရုပ်ပြသမှုကိုလည်းကောင်း၊ မြန်မာ့သိုင်းဆရာကြီး ဦးချစ်သူက လက်သိုင်းစွမ်းရည်နှင့် ဓားသိုင်းစွမ်းရည်တို့ဖြင့် သရုပ်ပြသမှုကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သိုင်းစွမ်းရည်သရုပ်ပြအဖွဲ့များအတွက် ဂုဏ်ပြုချီး မြှင့်ငွေကျပ် ၂၅ သိန်းကို ပေးအပ်ချီးမြှင့်ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။