ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရအနုပညာရှင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် မြန်မာ့အနာဂတ် မျက်နှာစာလူငယ် မဟာဗျူဟာဖိုရမ်(၂၀၂၅) အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား   စက်တင်ဘာ ၁၁

         ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြိုင်ပွဲဝင် ၈၈ ဦး၊ ပြိုင်ပွဲ အမျိုးအစားပေါင်း (၂၇)မျိုးဖြင့် စက်တင်ဘာ ၉ ရက်က စတင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီက ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ခဲ့အနိုင်ရခဲ့ကြသည့် အနုပညာရှင်မောင်မယ်များကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသည့် အနုပညာရှင် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် အစွမ်းထက်လှသည့် အနုသုခုမပညာရပ်များစနစ်တကျ တတ်ကျွမ်းနားလည်ထားသူများဖြစ်ကြသည့်အတွက် မိမိတို့အနုပညာဖန်တီးနိုင်စွမ်းကိုအသုံးချပြီး ပြည်နယ်နှင့်ဒေသခံတိုင်းရင်းသားများအတွက် ကောင်းကျိုးအထွေထွေကို သယ်ပိုးပေးနိုင်သည့် နိုင်ငံ့သားကောင်း အနုပညာရှင်များဖြစ်ကြပါစေကြောင်းနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင်လည်း ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရိုးရာယဉ်‌ကျေးမှု အနုသုခုမ ပညာရပ်များကို မြတ်မြတ်နိုးနိုးတန်ဖိုးထား၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအားလုံးကို လေးစားတန်ဖိုးထားပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်တို့က အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့တွင် အသက် အုပ်စုအလိုက် အမျိုးသား/အမျိုးသမီး အကပြိုင်ပွဲများ၊ မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်နှင့် အမျိုးဂုဏ်/ဇာတိဂုဏ် အဆိုပြိုင်ပွဲများ၊ တယော၊ စန္ဒရား၊ ပတ္တလား၊ စောင်း၊ ဆိုင်းဝိုင်းနှင့် ပုလွေ အတီးပြိုင်ပွဲများအတွက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူ (၅၆)ဦးတို့အား ဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာ ဘာသာရပ်များမှ ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမဆုရရှိသူများ၏ ကပြ၊ သီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ဒိုင်အဖွဲ့အတွက် ချီးမြှင့်ငွေကျပ် ၄၈ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          အဆိုပါ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအိုမြို့နယ်များမှ ပြိုင်ပွဲဝင်စုစုပေါင်း (၈၈)ဦးတို့က အသက်အုပ်စုအလိုက် ဘာသာရပ်ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးတွင် (၂)ရက်ကြာ ပါဝင်ယှဉ်ပြိုင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူများအား ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး မြစ်ကြီးနားမြို့၌ ခန်းသွင်းလေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် (၂၀၂၅)သို့ တက်ရောက်ပါဝင်ခဲ့ကြသည့် ကချင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့၏ ဖိုရမ်အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရာ မြန်မာ နိုင်ငံတော်အလံအား အလေးပြုကြပြီး ဖိုရမ်တက်ရောက်ခဲ့ကြသည့် လူငယ်များအဖွဲ့က လူငယ်စွမ်းရည် သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်စွမ်းအားစုတစ်ရပ်လုံးသည် နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုးထားသည့်အတွက် လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေး အစီအမံများကို ခေတ်နှင့်အညီ ချမှတ်ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဟူသော ခိုင်မာသောယုံကြည်ချက်ဖြင့် လူငယ် များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် နည်းလမ်းပေါင်းစုံဖြင့် အလေးထားဆောင်ရွက်နေပါကြောင်း၊ ယနေ့ ဖိုရမ်တက်ရောက်ခဲ့ကြသည့် လူငယ်များ၏ နှီးနှောဖလှယ်ဆွေးနွေးချက်များ၊ ဖိုရမ်အတွေ့ အကြုံများအပေါ်ပြန်လည်ဆွေးနွေးသွားမည့် စကားဝိုင်းဖြစ်သည့်အတွက် တက်ရောက်လာကြသည့် လူငယ်မောင်မယ်များအနေဖြင့် အလေးအနက်ထား လေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာကြသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ လူငယ်/ လူရွယ်များက လူငယ်လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ဖိုရမ်အထိမ်းအမှတ်တံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ထံ ဂါရဝပြုလွှဲပြောင်းအပ်နှံခဲ့သည်။

          ဆက်လက်၍ ဖိုရမ်တက်ရောက်ခဲ့ကြသည့် လူငယ်များက စကားဝိုင်းဆွေးနွေးပွဲပုံစံဖြင့် လူငယ်ဖိုရမ်တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် ပါဝင်ဆွေးနွေးနှီးနှောဖလှယ်ခဲ့ကြသော အနာဂတ်ပညာရေးနှင့် ကျွမ်းကျင်မှု၊ စီးပွားရေးအခွင့်အလမ်းများနှင့် လူငယ်စွန့်ဦးတီထွင်မှု၊ နိုင်ငံသားပူးပေါင်းပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု၊ ရေရှည်တည်တံမှုနှင့် ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခြင်းကိုလည်းကောင်း၊ မြန်မာ့အနာဂတ်မျက်နှာ စာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကြေညာစာတမ်းဖတ်ကြားခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။