ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံ၊ နွေစပါး/ မိုးစပါးစိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး၊ တပ်ကုန်း(ကြာရာပတ္တီး-ဘီ) အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့

မြစ်ကြီးနား  အောက်တိုဘာ ၂၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် နွေစပါး/ မိုးစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မြို့နယ်အလိုက် အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ခဲ့မှုကြောင့် ဆန်ဖူလုံမှုရှိသော်လည်း စားဆီဖူလုံမှုမှာ လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးဧကများ တိုးချဲ့ဖော်ထုတ်ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ တိုးချဲ့ထောက်ပံ့ပေးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေ‌ရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လျက်ရှိပါကြောင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများအနေဖြင့်လည်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စာရင်းကောက်ယူခြင်း၊ ကူညီ‌ဆောင်ရွက်ခြင်းများကို ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ဖြစ်ထွန်းသည့် သီးနှံများကို ဦးစားပေးစိုက်ပျိုးစေခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဆက်လက်ကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီး ဌာနတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်အတွင်း မိုးစပါးလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ဆောင်းသီးနှံအတွက် ဆီထွက်သီးနှံများ ဦးစားပေးစိုက်ပျိုးသွားမည့် အစီအစဉ်များနှင့် မျိုးကောင်းမျိုးသန့်ရရှိ/ ခွဲဝေ/ ဖြန့်ဝေထားရှိမှု အခြေအနေများနှင့် ဆီစက်၊ ဆန်စက်များပြုပြင်တိုးချဲ့ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မွေးမြူကဏ္ဍတိုးချဲ့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးပြီးရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနိုင်‌ရေးစိုက်ပျိုးချိန်မီ လိုအပ်သည့်သွင်းအားစုများ၊ မျိုးစေ့များပံ့ပိုးပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ရေမြေသဘာဝအလိုက် လျာထားဧက ၅ သိန်းကျော်ရှိသည့်အနက် ၁၅.၁၀.၂၀၂၅ ရက်နေ့အထိ ဧက ၄၉၆၃၈၅ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သည့်အပြင် ယခုနှစ်တွင် ဆီထွက်သီးနှံအတွက် ဧက ၁၁၅၆၃၅ လျာထားလျက်ရှိကြောင်းနှင့် ဆောင်းဆီထွက်သီး နှံတိုးချဲ့စိုက်ဧကအတွက် မျိုးစေ့လိုအပ်ချက်အပေါ် မြေပဲတင်း ၃၀၀၊ နှမ်း (၄၅)တင်း၊ နေကြာ (၃၈၇) တင်း၊ ဆီမုန်ညှင်း (၈၈၁)တင်း၊ ပန်းနှမ်း (၄၆)တင်း၊ ပဲပုပ် (၅၅၀)တင်း ဖြန့်ဝေပေးပို့ထားရှိကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် (ကြာရပ္ပတီး-ဘီ)အတွင်းရှိ ရှင်သန်ခြင်းဧဝံဂေလိနှစ်ခြင်းအသင်းတော်ဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ် ထောင်စုများနှင့် သွားရောက်တွေ့ဆုံအားပေးသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က စခန်းအတွင်းရှိ အိမ်ထောင်စု (၆၅)စုတို့အတွက် ဆန်အိတ် (၆၅)အိတ်နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်သည်။

          ထို့နောက် စခန်းတာဝန်ခံက စခန်းအတွင်း မိသားစုများအတွက် လျှပ်စစ်မီးလိုအပ်ချက်နှင့် သောက်သုံးရေ၊ ချိုးရေ လိုအပ်ချက်အတွက် ရေတွင်း/ ရေစင်တူးဖော်ဆောက်လုပ်ပေးနိုင်ရေး တင်ပြပြီး သိက္ခာတော်ရဆရာတော်က ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်အပ်နှံပေးသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများအနေဖြင့် နယ်မြေအခြေအနေအရ နေရပ်ကျေးရွာ၊ အိုးအိမ်၊ လယ်ယာများကိုစွန့်ခွာ၍ တိမ်းရှောင်နေရသည့်အတွက် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး အမိုးအကာဖြင့် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ထောက်ပံ့ဖြည့်ဆည်းပေးအပ်လျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း ထောက်ပံ့ငွေများကို တစ်လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယနေ့မိသားစုများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆုတောင်းကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားပြီးကာ အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်းရှိ သောင်ဦးကျောင်းတိုက်သို့ သွားရောက်ပြီး သောင်ဦးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဥတ္တရမထေရ်မြတ်ကြီး၏ သက်တော် (၈၆)၊ သိက္ခာတော် (၆၆)ဝါ၏ အန္တိမအဂ္ဂိ စျာပနကျင်းပပူဇော်ပွဲသို့သွားရောက်ပြီး ဆရာတော်မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမျှော်ကြည်ညိုခဲ့ကြကာ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အန္တိမအဂ္ဂိစျာပနကျင်းပပူဇော်မှု အောင်မြင်စွာပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ ယူချိန်ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ဘက်စကတ်ဘောပြိုင်ပွဲသို့တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် အထက်တန်းအဆင့် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဘတ်စကတ်ဘောပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ် (၂၅)သိန်းကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများတွင် အကောင်းဆုံးဆုရရှိသည့် အာကစားသမားဆုများနှင့် ဒုတိယနှင့် တတိယဆုရအသင်းများအားလည်းကောင်း၊ ပထမဆုရ အမျိုး သမီးအသင်းအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအမျိုးသားအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။