ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်းဒုတိယအကြိမ် ကျင်း ပသည့် ဝန်ကြီးချုပ်ဖလား အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ၊ (၁၅) ကြိမ်မြောက် ပြည်နယ်အစိုးရ အဖွဲ့၏ စုပေါင်းမဟာဘုံကထိန် အလှူမင်္ဂလာအခမ်းအနားနှင့် ရိုးရာကောက်သစ်စားပွဲနှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်

မြစ်ကြီးနား အောက်တိုဘာ  ၃၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဒုတိယအကြိမ်အဖြစ် ဒေသတွင်းရှိ ပိုက်ကျော်ခြင်းအသင်းများ ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသား (၄) ယောက်တွဲ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲသည် ပြည်နယ်အတွင်း ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် အမှတ်ပေးပြိုင်ပွဲတစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ကချင်ပြည်နယ်၏ ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြှင့်မားရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အားကစားကဏ္ဍတွင် ပြည်နယ်အတွက် တန်ဖိုးရှိသော၊ စွမ်းရည်ထက်မြက်သော အားကစားသမားလူရည်ချွန်များပေါ်ထွက်လာစေရေး စဉ်ဆက်မပြတ်အလေးထားပံ့ပိုးပေးလျက်ရှိပါကြောင်း တိုက်တွန်းမှာကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအသင်းများမှ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထို့နောက် ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အေရိုးဗစ်အသင်းနှင့်အတူ အကအဖွဲ့များ၏ သရုပ် ပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် သရုပ်ပြအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ အဖွင့်ပွဲစဉ်အဖြစ် အိုလံပစ်အသင်းနှင့် အံတော်ရှင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် မြစ်ကြီးနားမြို့ မြေမြင့်ရပ် ကွက်အတွင်းရှိ မြေမြင့်ဗုဒ္ဓဘာသာ သာသနာပြုကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီး အလှူဒါဖြစ်သည့် ပဒေသာပင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြသည်၊

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များထံ ကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ယင်းနောက် ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားတော်များကိုနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းလိုက်ကြပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်အတူ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများအား စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာကောက်သစ်စားပွဲတော်ကို မိမိတို့အစိုးရလက်ထက် နှစ်စဉ်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် မနောကွင်းမဂျွယ်ခန်းမ၌ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်၍ ပိုမိုစည်ကားသိုက်မြိုက်စွာ၊ လုံခြုံအေးချမ်းစွာ  ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲကိုလည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ပေါ်လွင်စုံလွင်စွာ ထုတ်ဖော်ပြသနိုင်ရေးနှင့် ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ပြုလုပ်ကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပြီး ပိုမိုကောင်းမွန်စည်းလုံးသည့် လူမှုအသိုက်အဝန်း ဖြစ်လာစေရေး ရည်ရွယ်ကျင်းပသွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

            ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ဆပ်ကော်မတီများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရမည့်အစီအစဉ်များနှင့် မျိုးနွယ်စုပေါင်းစုံ ပူးပေါင်းပါဝင်နိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်း သားအားလုံး၏ ရိုးရာယဉ်ကျေးမှုကို ပိုမိုပေါ်လွင်အောင် ဌာနေတိုင်းရင်းများအချင်းချင်း မိမိတို့၏ ဓလေ့ထုံးစံများကို ပိုမိုနက်ရှိုင်းစွာသိရှိနားလည်ပြီး စည်းလုံးချစ်ခင်လာအောင် စီမံကျင်းပရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။