မြစ်ကြီးနား နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ယာယီနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၃ နာရီက ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများက အဆိုပါ ယာယီတိမ်းရှောင်စခန်း (၁၉)မှ အိမ်ထောင်စု (၂၄၀၄)စုတို့အတွက် ဆန်အိတ် (၅၀၀)၊ ဆီပိဿာ (၅၀၀)နှင့် ကြက်ဥအလုံး (၅၀၀၀)တို့နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံ ဒါဇင်(၃၀၀)တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ စခန်းတာဝန်ခံများက စခန်းအလိုက် မိသားစုများနေအိမ်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များ၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာကိစ္စရပ်များကို အသီးသီးတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု၏ လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယာယီနေအိမ်တန်းလျား တိုးချဲ့/ ပြင်ဆင်တည်ဆောက်နိုင်ရေးအတွက် ဝါးဖိုးအဖြစ်ငွေကျပ်သိန်း (၁၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က နိဂုံးချုပ်အားပေးစကားပြောကြားသည်။

