မြစ်ကြီးနား ဒီဇင်ဘာ ၃
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကချင်ပြည်နယ်အတွင်း အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဦးခက်ထိန်နန်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက် (၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တစ်အိမ်တက်ဆင်း Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းအား နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကပ်ထားကြေညာလျက်ရှိရာ ရွေးကောက်ပွဲအောင်မြင်ရန် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရန်နှင့် ကျင်းပမည့်အစီအစဉ်အား စနစ်တကျစီမံ၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲစာရင်းတွင် အမည်ပါရှိစေရေးတို့အတွက် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများအထိဆက်သွယ်ပြီး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့်ဒီဇင်ဘာ ၂၈ ရက် နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲကို အောင်မြင်အောင်လုပ်ဆောင်ရွက်နိုင်ရန်၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးက ဟန်ချက်ညီညီဖြင့် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးက လာမည့်ရွေးကောက်ပွဲသည် မှတ်ကျောက်တင်နိုင်အောင် အကောင်းဆုံးလုပ်ဆောင်သွားရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပထမအကြိမ်မဲစာရင်းထုတ်ပြန်ကြေညာထားရှိမှုအပေါ် စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်ပြီး အားသာချက်၊ အားနည်းချက်များအပေါ် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးညှိနှိုင်းဆွေးနွေးခြင်းဖြစ်သည့်အတွက် တင်ပြဆွေးနွေးပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြည်နယ်အတွင်းခရိုင်/ မြို့နယ်များအလိုက် မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လွင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းဦးက အသက်(၁၈)နှစ်ပြည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းကောက်ယူခဲ့မှုအခြေအနေများကိုလည်းကောင်း၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာအစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပထမအကြိမ်မဲဆန္ဒရှင် စာရင်းနှင့် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအပေါ် ပြည်သူများ၏ တောင်းဆိုမှုအခြေအနေများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးကောက်ယူရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် တွေ့ကြုံခဲ့ရမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တိုင်းမှူးကသုံးသပ်ဖြည့်စွက်၍ အကြံပြုပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အသက် (၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး၊ နိုင်ငံသားများမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကိုအချင်းချင်းချိတ်ဆက်ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် နံနက် (၉)နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ “လူမှုဘဝမြှင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပသော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ မသန်စွမ်းသူများအသင်းအဖွဲ့ဝင်များက တေးသီချင်းများ သီဆိုဖျော် ဖြေဖွင့်လှစ်ပေးကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့လူမှုပတ်ဝန်းကျင်၌ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ ကိုယ်တိုင်ပူးပေါင်းပါဝင်လာစေရေး၊ ကျန်ရစ်ခဲ့စေခြင်းမရှိစေရေးနှင့် မသန်စွမ်းမှုကို အကြောင်းပြု၍ ချန်လှပ်ထားခဲ့ခြင်းမရှိစေရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများအား အခြားနိုင်ငံသားများနည်းတူရရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး၊ ကူညီဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်မသန်စွမ်းသူများအသင်းအဖွဲ့များမှ မသန်စွမ်းသူများက တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းအသင်းအဖွဲ့များမှ မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် မသန်စွမ်းသူ (၂၅၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၅၀)နှင့် ဖျော်ဖြေရေးအဖွဲ့များနှင့် တီးဝိုင်းအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ်(၅)သိန်းကို ပြည်နယ်အသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးလမုန်ဂမ်ဖန်ထံ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


