ကချင်ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေး ကြမယ်” Bill Board စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလှုံ့ဆော်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် TOT ဘာသာရပ် စွမ်းရည်မြင့်မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား ဒီဇင်ဘာ ၈

          ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသိပညာပေးလှုံ့ဆော်သည့်အနေဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ “ဒို့အတူတူမဲပေးကြမယ်” Bill Board စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေလှုံ့ဆော်မှုများကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ကျောက်စိမ်းတုံးမီးပွိုင့်လမ်းဆုံနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ Bill Board စိုက်ထူခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေး‌မော်၊ ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့က “ဒို့အတူတူ မဲပေးကြမယ်” Bill Borad ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/ မြို့နယ် အရာထမ်း/ အမှုထမ်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် လမ်းသွား/လမ်းလာပြည်သူများအား “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

          ထို့သို့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲအကြောင်းကို မဲဆန္ဒရှင်ပြည်သူများ ပိုမိုသိရှိနားလည်ပြီး မဲပေးခြင်းလုပ်ငန်းတွင် ပိုမိုပူးပေါင်းပါဝင်လာရေး ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများပူးပေါင်း၍ မြစ်ကြီးနားမြို့၌ ယနေ့အခမ်းအနားအပါအဝင် ပြည်ထောင်စုလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံ၊ စည်ပင်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီး လမ်းဆုံတို့တွင်လည်းကောင်း၊ ပူတာအိုမြို့၌ မြို့မရပ်ကွက် မနက်ဈေးနေရာ၌လည်းကောင်း၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် စည်ပင်သာယာဈေးရှေ့၊ မြို့နယ်ပန်းခြံရှေ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တို့တွင် လည်းကောင်း၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘေး ပြည်ထောင်စုလမ်းမကြီး မီးပွိုင့်လမ်းဆုံနေရာ၌လည်းကောင်းစသည့် အများပြည်သူဖြတ်သန်းသွားလာရာ အချက်အချာကျသည့်နေရာများတွင် Bill Board များ စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ထို့အပြင် ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မြစ်ကြီးနားတက္ကသိုလ်နှင့် ပြည်နယ်ပညာရေးမှူးရုံးတို့က ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာအထက်တန်းအဆင့် သင်ကြားသင်ယူမှုထိရောက်စေရေး TOT ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခွဲက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို တစ်နိုင်ငံလုံးပထမအဆင့်ရရှိပြီး အမှတ်ကောင်းစွာနှင့် ဂုဏ်ထူးအများဆုံးရရှိအောင် ရည်ရွယ်ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်တန်းကို သင်ကြားပေးနေကြသည့် ဆရာ၊ ဆရာမများ၏ ဘာသာရပ်စွမ်းရည်အလိုက် သင်ကြားသင်ယူမှု အရည်အသွေးများကို မြှင့်တင်ပေးရန်အတွက် Face to Face ဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးသည့် ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် အလွန်အရေးကြီးပြီး အရည်အသွေးအစဉ်မြင့်မားစေရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်စာစစ်မှူးချုပ်များအနေဖြင့် စာမေးပွဲနှင့်ပတ်သက်သည့် မေးခွန်းပုံစံ၊ အမှတ်ပေးစည်းမျဉ်းများနှင့်အညီ အံဝင်ဂွင်ကျဖြစ်အောင် ဖြေဆိုနည်းများကို ရှင်းလင်းဆွေးနွေးသင်ကြားပေးမည်ဖြစ်သည့်အတွက် ဘာသာရပ်သင်ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တတ်မြောက်ထားသည့် သင်ကြားမှုနည်းပညာများကိုပေါင်းစပ်ပြီး လာမည့်တက္ကသိုလ်ဝင်စားမေးပွဲကို အောင်ချက်မြင့်မားရေးအတွက် အသုံးချကြရန်တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို ဆက်လက်သင်ကြားပို့ချပေးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မားရေးအတွက် ဆွေးနွေးပို့ချပေးကြမည့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း (၃၀)ကို တက္ကသိုလ်ပါမောက္ခချုပ်ထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြကာ(၂)ရက်ကြာ ဖွင့်လှစ်ဆွေးနွေးပို့ချသွားမည့် သင်တန်းသူ/ သင်တန်းသားများအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း(၆၀)ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စာသင်ခန်းများအတွက် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဆွေးနွေးပို့ချပေးလျက်ရှိသော ဘာသာရပ်ဆိုင်ရာစွမ်းရည်သင်တန်း ဆွေးနွေးပို့ချပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ရွေးနုတ်ကယ်တင်ခြင်းကျမ်းစာကျောင်းဝင်း၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော မိသားစုများနှင့်ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဆိုပါကျမ်းစာကျောင်းဝင်းနှင့် ဒေါ်အားနာမီးခြံမြေကွက်တို့အတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၁၃၁ စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၁၃၁)အိတ်၊ ဆီပိဿာ (၁၃၁)ပိဿာနှင့် ကြက်ဥ (၂၆၂၀)လုံးတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် စခန်း(၂)ခုမှ စခန်းတာဝန်ခံများက စခန်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအတွက် ယာယီနေအိမ်တန်းလျားများ အသစ်ပြုပြင်ဆောက်လုပ်နိုင်ရေးအတွက် ဝါး၊ မိုးကာလိုအပ်ချက်များ၊ သောက်သုံးရေ/ ချိုးရေအတွက် ရေဘုံဘိုင်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် မိသားစုများအတွက် မြေနေရာသစ်တွင် နေထိုင်နိုင်ရေး၊ မသန်စွမ်းသူများအတွက် ဝှီးချဲထောက်ပံ့ပေးနိုင်ရေး စသည့်လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဝါးဖိုးအတွက်ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိမ်းရှောင်နေထိုင်ကြသော အိမ်ထောင်စုများ၏နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်း‌ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်မှ လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် အိမ်ထောင်စုများ စားနပ်ရိက္ခာ အထောက်အကူဖြစ်စေရေးနှင့် လုံခြုံနွေးထွေးစွာနေထိုင်နိုင်ရေး စဉ်ဆက်မပြတ်ပံ့ပိုးကူညီပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အိမ်ထောင်စုများအနေဖြင့်လည်း မိမိတို့ရပ်/ရွာတည်ငြိမ်အေးချမ်းပြီး နေရပ်ပြန်လည်နေထိုင်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးစားကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။