ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာ ပြိုင်ပွဲနှင့် နောင်းချိန်းကျေးရွာအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများအား ဆန်အိတ်၊ ခြုံစောင်နှင့် အနွေးထည်အင်္ကျီများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ဘင်ခရာအဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြသည်။

          ရှေးဦးစွာ အခြေခံပညာကျောင်း (၆)ကျောင်းမှ ပြိုင်ပွဲဝင်ဘင်ခရာအသင်း (၆)သင်းက ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ် ဘင်ခရာတီးဝိုင်းများ၏ အရည်အသွေးပိုမိုမြင့်မားလာစေရန်၊ ကျောင်းသားလူငယ်များ စည်းကမ်းဥပဒေကို တိကျစွာလိုက်နာတတ်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်စသည့် ရည်ရွယ်ချက်များနှင့်အညီ အခြေခံပညာကျောင်းများသည် စာပေတစ်ခုတည်းကို သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး ဘက်စုံပညာရေးကို အလေးထားသင်ကြားပေးခြင်းပင် ဖြစ်ပါကြောင်း၊ ယနေ့ ဘင်ခရာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အနိုင်မခံ၊ အရှုံးမပေးတဲ့ အားကစားစိတ်ဓာတ်ကို အရင်းခံပြီး ဇွဲရှိမှု၊ အပြန်အလှန်သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကို လေးစားလိုက်နာပြီး နိုင်ငံကြီးသားပီသစွာဖြင့် ယှဉ်ပြိုင်ကြရန် အထူးမှာကြားလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်ဘင်ခရာအသင်း (၆)သင်းမှ အသင်းသားများနှင့် အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်ဘင်ခရာအသင်းများ၏ ဘင်ခရာစွမ်းရည် တီးမှုတ်ယှဉ်ပြိုင်မှုကို အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ၊ ဆရာများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ နောင်ချိန်းကျေးရွာသို့ သွားရောက်ပြီး နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ ကျေးရွာအတွင်းရှိ ဝိုင်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော စခန်းပေါင်း ၁၉ ခုမှ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ပြီး ပြည်သူဆေးရုံကြီးနှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယာယီတိမ်းရှောင်ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်း အစီအစဉ်အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အိမ်ထောင်စုများအတွက် ဆန် (၂၄)ပြည် အိတ် (၅၀၀)အိတ်၊ ခြုံစောင်အထည် (၄၀၄)ထည်၊ အပေါ်ဝတ်အနွေးအင်္ကျီအထည် (၁၀၀၀)တို့ကိုလည်းကောင်း၊ အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအတွက် ထောက်ပံ့ငွေကျပ် ၂၅ သိန်းကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ယာယီတိမ်းရှောင်စခန်းများကိုယ်စား စခန်းတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ စခန်းတာဝန်ခံများက သက်ဆိုင်ရာ စခန်းများအလိုက် အိမ်ထောင်စုများအတွက် လျှပ်စစ်မီးလိုအပ် ချက်၊ ဆိုလာတပ်ဆင်ပေးနိုင်ရေး၊ ယာယီနေအိမ်တန်းလျားများ ပြုပြင်တည် ဆောက်ပေးနိုင်ရေးနှင့် ချိုးရေသုံးရေ လိုအပ်ချက်များ၊ မွေးမြူရေးအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ယာယီနေအိမ်တန်းလျားပြုပြင်တည်ဆောက်ရေးအတွက် ဝါးဖိုးငွေအဖြစ် ငွေကျပ်သိန်း (၃၀)နှင့် လျှပ်စစ်မီးသွယ်တန်း နိုင်ရေးအတွက် ငွေကျပ် ၅ သိန်းကျော်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အိမ်ထောင်စုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး အတတ်နိုင်ဆုံးထောက်ပံ့ခဲ့သည့်အပြင် နိုင်ငံ့တော်အစိုးရမှလည်း အိမ်ထောင်စုများအတွက် လစဉ်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ ယခု ဆောင်းရာသီကာလဖြစ်သည့်အတွက် အနွေးထည်နှင့် ခြုံစောင် လိုအပ်ချက်အတွက် ထောက်ပံ့ ခြင်းဖြစ်ပြီး အိမ်ထောင်စုများအတွက် လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းပေးနိုင်ရေး လာရောက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အိမ်ထောင်စုများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွတ် နိုင်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေရပ်ပြန်နိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းဆုတောင်းပေးကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသည့် ယာယီတိမ်းရှောင်မိသားစုများအတွက် မုန့်နှင့်ရေသန့်ဘူးများကို လိုက်လံပေးအပ်ခဲ့ကြပြီး ခန်းမဆောင်၌ ပြည်သူ့ဆေးရုံကြီးမှ သမားတော်၊ အထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့မှ ယာယီတိမ်းရှောင်မိသားစုများအား ကျန်းမာရေးစမ်းသပ်ကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးအပ်ခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။