မြစ်ကြီးနား ဇန်နဝါရီ ၁၄
ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းဝေးအမှတ်စဉ် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် (၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အစည်းအဝေးတွင် လုပ်ငန်းစာတွဲများအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး ဆွေးနွေးဆုံးဖြတ်ပေးရမည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်နေမှုများအပေါ်စိစစ်၍ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စံပြုလုပ်ထုံလုပ်နည်းများနှင့်အညီ အလေးထား သိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများအပေါ် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ ၂၀၂၁ ခုနှစ် လယ်ယာမြေဥပဒေ(ပြင်ဆင်သည့် ဥပဒေ)၊ မြေယာနှင့်ပတ်သက်သည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က လယ်ယာမြေမှတစ်ပါး အခြားနည်းအသုံးပြုခွင့်လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ (၇)တွဲနှင့် SOP နည်းလမ်းအတိုင်း တွက်ချက်တင်ပြလာသည့် လုပ်ငန်းစာတွဲ(၁)၊ စုစုပေါင်းလုပ်ငန်းစာတွဲ(၈)တွဲကို လုပ်ငန်းစာတွဲတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာအဖွဲ့ဝင်များက ကဏ္ဍအလိုက်သဘာထားဆုံးဖြတ်ချက်များကိုအသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေစံပြုလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့၊ မန်ခိန်နယ်မြေ (၁၁) အတွင်း စန်းကားယာယီတိမ်းရှောင်စခန်းသို့ သွားရောက်၍ စန်းကား၊ ချီဖွေ၊ နောင်နန်းကျေးရွာများအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာပြည်သူများနှင့် သွားရောက်တွေ့ဆုံအားပေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မန်ခိန်ရပ်ကွက်အတွင်းရှိ စန်းကားယာယီတိမ်းရှောင်စခန်း၊ ချီဖွေယာယီတိမ်းရှောင်စခန်းများ၊ နောင်နန်းကျေးရွာအုပ်စု၊ မော်တောင်းကျေးရွာနှင့် ဂျော်မဆတ် ယာယီတိမ်းရှောင်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဖားကန့်မြို့နယ်အတွင်းရှိ ဆိုင်းခရာကျေးရွာများမှ နေရပ်စွန်ခွာ အိမ်ထောင်စု(၂၀၅)စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၂၀၅) အိတ်၊ ဆီ (၂၀၅) ပိဿာနှင့် ကြက်ဥ(၄၁၀၀)လုံးတို့ကို ထောက်ပံ့ပေးအပ်ရာ စန်းကားယာယီတိမ်းရှောင်စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းများအတွင်း လိုအပ်သည်များကို တင်ပြခဲ့သည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသတွင်းယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ် ထောက်ပံ့ ပေးအပ်လျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း တစ်လတစ်ကြိမ် လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်းနှင့် စခန်းနေအိမ်ထောင်စုများ၏ လိုအပ်ချက်များဖြစ်သော အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

