ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်ရေးအတွက် ဗလမင်းထင်တံတားအောက် သောင်တူးဖော်ခြင်း လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ် ဒီဇိုင်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တူးဖော်နိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ   ၁၅

          ကချင်ပြည်နယ်အတွင်း နှစ်စဉ် မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့သည် ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားရလေ့ရှိသည်အတွက် ပြည်နယ်အစိုးရအဖွဲ့ အနေ ဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အဓိကစီမံကိန်းလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ဗလမင်းထင်တံတားအောက်ရှိ သောင်တူးခြင်းလုပ်ငန်းအား ယနေ့ နံနက် ၈ နာရီက လုပ်ငန်းစတင် ဆောင်ရွက်ခြင်း အခမ်းအနားကို အဆိုပါ သောင်ခုံ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ သောင်တူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်၊ ဇူလှိုင် (၁)ရက်နေ့က မြစ်ရေအမှတ် (၁၄၀၆) စင်တီမီတာထိ မြင့်တက်ခဲ့သဖြင့် မြို့၏ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အလားတူ မြစ်ရေ ကြီးမြင့်မှုမျိုးမှ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီမြစ်အတွင်း သဲသောင်ဖြစ်ထွန်းမှုများအား တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး၊ ရေစီးရေလာကောင်းမွန်ကာ မြို့ရေကြီးနစ်မြုပ် မှုမှကာကွယ်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်နှစ်က တူးဖော်ခြင်းလုပ်ငန်းကြောင့် အရှေ့ဘက် မိုင်းနားကျေးရွာဘက်ကမ်းသို့ ရေနက်ကြောင်း ချဉ်းကပ်တိုက်စား၍ လူနေအိမ်များနှင့် သာသနိကအဆောက်အအုံများ ရေတိုက်စား ကမ်းပြိုမှုမှ လျော့နည်းသက်သာစေခဲ့ပါကြောင်း၊ ယခုနှစ်အတွက် သဲသောင်တူးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင်လည်း ဌာနမှသတ်မှတ်ထားသည့် ဒီဇိုင်းစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  လုပ်ငန်းရှင်များအနေဖြင့်လည်း ရေကြီးရေလျှံမှုကာကွယ်ရေး ရည်ရွယ်ချက်အတိုင်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးမှုအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် အခမ်းအနားတက်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦးက အဆိုပါ လုပ်ငန်းနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရာတွင် သိရှိလိုသည်များ၊ ပြည်သူများနှင့်ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားမည့် အစီအမံများကို တင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဗလမင်းထင်တံတားအောက်ရှိ သဲသောင်ဖြစ်ထွန်းမှုများအား မြစ်ကြောင်းရှင်း လင်း‌ရေးလုပ်ငန်း သောင်တူးဖော်ခြင်းလုပ်ငန်းအတွက် စက်ယန္တရားကြီးများဖြင့် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတ်မှတ်ထားသည့် အလျား (၄၂၀၀)ပေ၊ အကျယ် (၁၃၅)ပေနှင့်အနက် ရေစစ်မျဉ်းအောက် (၂)မီတာ ပြည့်မီအောင် တူးဖော်ဆောင်ရွက်နိုင်ရေးအတွက်   လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သောင်တူးခြင်းလုပ်ငန်းကို ယခုနှစ် ရေနည်းချိန်တွင် ဗလမင်းထင်တံတားအောက်ဘက်ရှိ သောင်ခုံအား အလျား (၄၂၀၀)ပေ၊ အကျယ် (၁၃၅)ပေ၊ အနက်ရေစစ်မျဉ်းအောက် (၂)မီတာ တူးဖော်ရှင်းလင်းသွားမည်ဖြစ်သည့်အပြင် အရှေ့ဘက် ဝိုင်းမော်မြို့နယ်ဘက်ကမ်းရှိ နောင်တာလော ကျွန်း Second Channal တူးဖော်ခြင်းအား အလျားပေ (၉၀၀၀)၊ အကျယ် (၁၃၀)ပေ၊ အနက်ရေစစ်မျဉ်းအောက် (၂)မီတာအထိ တူးဖော်သွားမည်ဖြစ်သဖြင့် မြို့မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည့်အပြင် ကမ်းပါးပြိုတိုက်စားခြင်း၊ ဒေသခံစက်လှေများ တစ်နှစ်ပတ်လုံးသွားလာနိုင်မည်ဖြစ်ခြင်းနှင့် ရေလမ်းကြောင်းဖြောင့်တန်းစေခြင်းကြောင့် မျှော်မှန်းရေလမ်းကြောင်း Master Plan အား အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေမြင့်တက်မှု ၁၄၅၀ စင်တီမီတာအထိ ကာကွယ်ရေးအတွက် မြို့နှင့်ထိစပ်လျက်ရှိသည့် မြစ်ကမ်းပါတစ်လျှောက်တွင် စီမံကိန်းလုပ်ငန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် အင်ဂျန်းခချောင်းရေထိန်းတံခါး၊ ရေကြည်ချောင်းရေထိန်းတံခါးများအပါအဝင် ရေလျှံတားနံရံနှင့် တမံအလျား စုစုပေါင်း (၁၅၄၅)ပေအထိ တည်ဆောက်လျက်ရှိပြီး မြို့တွင်း၌လည်း စည်ပင်ဆိပ်ကမ်းမှ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းအထိ ရေလျှံတား အုတ်ရိုးစီကာရံခြင်းလုပ်ငန်း အလျား (၄၁၆၉) ပေကို ဆောင်ရွက်ထားနိုင်ခဲ့ကြောင်း သိရသည်။