မြစ်ကြီးနား ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြစ်ကြီးနားလေဆိပ်တို့ ပူးပေါင်း၍ လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစီမံချက်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားလေဆိပ်အဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လေဆိပ်ခန်းမဆောင်၌ လေဆိပ်ဝန်ထမ်းများနှင့် လေဆိပ်တာဝန်ကျဝန်ထမ်းများအား ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မီးငြိမ်းသတ်ရေးနည်းလမ်းများ၊ လျှပ်စစ်မီးလောင်မှုအကြောင်း၊ ရုံးများတွင် ထားရှိရမည့် မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးအမျိုးအစားအလိုက် မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများ၊ လေဆိပ်များတွင် မီးဘေးကြိုတင် ကာကွယ်ရေးအကြုံပြုတင်ပြချက်များနှင့် ရှောင်ရန်အချက်အလက်များကို ပါဝါပွိုင့်ဖြင့် အသိပညာပေးဟောပြောခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားရမည့် နည်းလမ်းများအား သုံးသပ်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ခန်းမအတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးထားသည့် ဘထ္ထရီအမျိုးအစားအလိုက် မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်အသုံးပြုနိုင်သည့် မီးသတ်ဆေးဗူးများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မီးသတ်တပ်ဖွဲ့ ဝင်များက ဦးဆောင်၍ လေဆိပ်အတွင်း လေဆိပ်မီးဘေးလုံခြုံရေးစီမံချက်ပါ ဝန်ထမ်းများအား အရေးပေါ် မီးသတ်ဆေးဗူးများ အသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းအား သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု အစီအစဉ်များနှင့် လေဆိပ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးစီမံချက်ပါအတိုင်း လေယာဉ်မီးလောင်မှုအား မီးသတ်ယာဉ်များနှင့်အတူ အသက်ရှုကိရိယာပါ ဝတ်စုံများဝတ်ဆင်၍ မီးခိုးအန္တရာယ်နှင့် အပူရှိန်မြင့်မားမှုကြားမှ မီးအတန်းအစားမျိုးစုံ အသုံးပြုနိုင်သည့် အမြုပ်ဆေးရည် အသုံးပြု၍ လက်တွေ့သရုပ်ပြ ဇာတ်လိုက်လေ့ကျင့်မှု အစီအစဉ်များအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သရုပ်ပြသခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လေဆိပ်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့၏ ဈေးရောင်းပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နာယကအဖွဲ့ဝင်များနှင့်အတူ ဈေးရောင်းပွဲတော်အတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဖွဲ့များ၏ မြန်မာ့ရိုးရာအစားအသောက်များနှင့်ဒေသရိုးရာအစားအသောက်များအား ချက်ပြုတ်ရောင်းချပေးနေမှု၊ ဝယ်ယူအားပေး နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် ဗန်းမော်ခရိုင်၊ ဗန်းမော်တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်တက္ကသိုလ်မှ သင်ကြားရေးဝန်ထမ်းများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှ စတင်၍ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများသည် နီးစပ်ရာဆွေမျိုးနေအိမ်များနှင့် နေရာဒေသအသီးသီးသို့ ယာယီတိမ်းရှောင်နေထိုင်ခဲ့ရပါကြောင်း၊ ထို့အတူ ဗန်းမော်တက္ကသိုလ်မှ သင်ကြားရေးနှင့်စီမံဝန်ထမ်းများအနေဖြင့် နီးစပ်ရာ ဆွေမျိုးများ နေထိုင်သည့် မြို့များရှိ တက္ကသိုလ်အသီးသီးသို့ တာဝန်ထမ်းဆောင်နေကြသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းနယ်မြေအခြေအနေအရ နေရပ်များကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်လာကြသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း လစဉ်တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သော်လည်း နိုင်ငံနှင့်မိမိတို့၏ ဌာနကို ချစ်သည့်စိတ်ဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ပေးကြရန် လိုအပ်ပါကြောင်း အားပေးတိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်တက္ကသိုလ်မှ သင်ကြားရေးဆရာ၊ ဆရာမများနှင့် စီမံရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ နှင့် ခြုံစောင်များကို ထောက်ပံ့ပေးအပ်ရာ တာဝန်ခံပါမောက္ခချုပ်ဒေါက်တာသန်းအောင်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့အတူ မွန်းလွဲပိုင်းတွင် မြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ မြစ်ကြီးနားမြို့နယ်နှင့်ဝိုင်းမော်မြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ အသင်းတော်များပိုင် ခြံဝင်းများအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသောတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ် အတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၉)ခုတို့မှ အိမ်ထောင်စု (၅၆၂)စုနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၁၃၅)စုတို့ စုစုပေါင်းအိမ်ထောင်စု (၆၉၇)စုတို့အတွက် ငွေကျပ် ၇၀၈၈၇၉၀၀ တန်ဖိုးရှိ ဆန်(၂၄) ပြည်ပါအိတ် (၆၉၇) အိတ်၊ ဆီပိဿာ (၆၉၇) ပိဿာနှင့် ကြက်ဥများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ယာယီတိမ်းရှောင်စခန်းများကိုယ်စား အသင်းတော်တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် မိမိတို့ကိုယ်ကို စိတ်ပျက်ဝမ်းနည်းမှုမဖြစ်စေဘဲ လာမည့် အချိန်တွင် နေရပ်ပြန်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း အားပေးအမှာစကား ပြောကြားခဲ့ပြီး အိမ်ထောင်စုများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။












