မြစ်ကြီးနား ဇန်နဝါရီ ၂၂
(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီနှင့် အယ်ဒီတာအဖွဲ့တို့အား ပြည်နယ်အစိုးရအဖွဲ့က အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းကို ဒေသ၏သမိုင်းနှင့်မှတ်တမ်းများ စုစည်းဖော်ပြနိုင်သည်မှာ (၇၄) နှစ်မြောက်မှ ယခုနှစ် (၇၈)နှစ်မြောက်အထိ (၅)နှစ်တိုင် တစ်နှစ်ထက်တစ်နှစ် အကောင်းဆုံးဖြစ်အောင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ မဂ္ဂဇင်းစာအုပ်အပြင် ပြက္ခဒိန်နှင့် ဒိုင်ယာရီစာအုပ်များကိုလည်း အချိန်မီပြီးစီးအောင် စိတ်အားထက်သန်စွာပါဝင်၍ အပင်ပန်းခံဆောင်ရွက်နိုင်ခဲ့ကြသည့် အတွက် ကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့များကို ပြည်နယ်အစိုးရအဖွဲ့က အထူးကျေးဇူးတင်ရှိသည့်အနေဖြင့် ယခုလို အခမ်းအနားဖြင့် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ နောင်လာမည့် နှစ်များတွင်လည်း ပိုမိုပြည့်စုံကောင်းမွန်သည့် မှတ်တမ်းကျန်ရှိထုတ်ဝေနိုင်ရေး ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ရာ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များအတွက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းထံလည်းကောင်း၊ ဒယ်ဒီတာအဖွဲ့ဝင်များကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်ဆောင်များ၊ အယ်ဒီတာအဖွဲ့ဝင်များထဲမှ သက်ကြီးစာရေးဆရာကြီး(၂)ဦးတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့စရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာအကြီးကိုကို(ကသာ)က နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေရေး လုပ်ငန်းများနှင့် အတွေ့အကြုံများကိုလည်းကောင်း၊ ဂုဏ်ပြုချီးမြှင့်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကားကို လည်းကောင်း ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် မဂ္ဂဇင်းတွင်ဖော်ပြပါရှိသည့် ဆုရပြိုင်ပွဲဝင်ပန်းချီပိုင်ရှင် ကျောင်းသား/ကျောင်းသူ (၂)တို့အား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အတွင်း နယ်မြေအခြေအနေအရ တာဝန်ကျမြို့နယ်များမှ ထွက်ပြေးတိမ်းရှောင်လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာကြသည့် ဗန်းမော်ခရိုင်နှင့် ချီဖွေခရိုင်အတွင်းမှ ဝန်ထမ်းများ၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ကံပိုင်တည်မြို့၊ ဆင်ဘိုမြို့နှင့် ဆဒုံးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများအတွက် တစ်ဦးလျှင် ဆန်(၁)အိတ်၊ ဆီ (၁)ပိဿာ၊ ကြက်ဥတစ်ကတ်နှုန်းဖြင့် စုစုပေါင်းဝန်ထမ်း (၂၁၁)ဦးတို့အတွက် တန်ဖိုးငွေကျပ် (၂၃၄၂၁၀၀၀) ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ယာယီတိမ်းရှောင်ဝန်ထမ်းများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို လိုလေသေးမရှိအောင် အတတ်နိုင်ဆုံး အလျဉ်းသင့်သလို ကူညီဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ သို့ သော်လည်း ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ရှိနေအုံးမည်ဖြစ်သည့်အတွက် စိတ်ဓာတ်မကျဘဲ လက်ရှိတာဝန်ချထားပေးသောနေရာများတွင် မိမိတို့ကျရာကဏ္ဍများကို အားစိုက်ဆောင်ရွက်ပေးကြရန်နှင့် တိုင်းပြည်တာဝန်ကိုယခုထက်ပိုမိုပြီး ပျော်ရွှင်ချမ်းမြေ့စွာထမ်းဆောင်နိုင်ကြရန်လိုကြောင်း အားပေးပြောကြားခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်စားရေရိက္ခာစားသုံးဆီဖူလုံရေး စိုက်ပျိုးရိတ်သိမ်းပြီးစီးမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာ၊ စားသုံးဆီဖူလုံရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရေး၊ ဒေသတွင်းမြေပြင်အမှန်တကယ် စိုက်ပျိုးထွက်ရှိမှုကို စာရင်းဇယားမှန်ကန်စွာပြုစုထားရှိရေး၊ စိုက်ဧကတိုးချဲ့ နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အားကြိုးမာန်တက် ဝိုင်းဝန်းကြိုးစားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ပြည်နယ်အတွင်း မိုးစပါး စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဆီထွက်သီးနှံ သီးထပ်စိုက်ပျိုးမှုနှင့် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနေမှု၊ ဘဏ္ဍာနှစ်အလိုက် မြေယာဖော်ထုတ်ပြီးစီးမှု၊ ဆန်စက်၊ ဆီစက်များအတွက် မတည်ပံ့ပိုးပေးနိုင်ရေးစသည့်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး လယ်ယာမြေများ တိုးချဲ့ဖော်ထုတ်ပေးနိုင်ရေး၊ သွင်းအားစု လိုအပ်ချက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များ၊ စပါးစိုက်စက်များကို စာရင်းပြုစုတွက်ချက် တင်ပြနိုင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



