ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၏ (၁၀)နှစ်ပြည့် ကျေးဇူးတော် ချီးမွှမ်းခြင်း အခမ်းအနားသို့ တက်ရောက်၍ အလှူငွေများ ထည့်ဝင်လှူဒါန်း၊ ယာယီတိမ်းရှောင် ပညာရေးဝန်ထမ်းများနှင့် ချီဖွေခရိုင်အတွင်းမှ ယာယီတိမ်းရှောင် အိမ်ထောင်စု များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

မြစ်ကြီးနား ဇန်နဝါရီ ၂၄

          ကချင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးကာလနှင့် ဒေသတွင်း ပြည်သူများအတွက် အခမဲ့ဆေးဝါးကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၏ (၁၀)နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးခဲ့သည်။

          ရှေးဦးစွာ ဖောင်ဒေးရှင်း၏ (၁၀)ပြည့်နှစ်အခမ်းအနားအတွက် သိက္ခာတော်ရဆရာ ဦးမဂျီဘောက်လာက အဖွင့်ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ပြည်နယ်အတွင်း မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ကျန်းမာရေးဌာနလက်လှမ်းမမီသော ဒေသများတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အင်တိုက်အားတိုက်ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဖောင်ဒေးရှင်းအား ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိကြောင်းကို ပြောလိုပါကြောင်း၊ ဒါ့အပြင် ဖောင်ဒေးရှင်း၏အကူအညီဖြင့် ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံစွာ ထိုးနှံပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းကဲ့သို့ လူမှုပရဟိတအသင်းများစွာ ပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖောင်ဒေးရှင်းတွင် ပါဝင်သူတစ်ဦးချင်းစီအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် စီတာပူနှစ်ခြင်းအသင်းတော်လူငယ်များက သံစုံတေးသီချင်းဖြင့် သီဆိုဆက်ကပ်ကြပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဘန်လွန်ဒူဝါဒေါက်တာ ဘွမ်ယွန်က ဖောင်ဒေးရှင်း၏(၁၀)နှစ်ပြည့် အခမ်းအနားအတွက် ပါဝင်သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဖောင်ဒေးရှင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ဖောင်ဒေးရှင်းအဖွဲ့ဝင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ဖောင်ဒေးရှင်းအတွင်းရေးမှူးက (၁၀)နှစ်ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းဖြစ်မြောက်ရေး ပါဝင်ကူညီဆောင်ရွက်ကြပေးကြသည့် ဒေသခံစာရေးဆရာများကိုလည်းကောင်း၊ စာရေးဆရာများမှ ပြည်နယ်အတွင်း စာကြည့်တိုက်များ ဆောက်လုပ်လှူဒါန်းပေးခဲ့သော စာရေးဆရာ အကြီးကိုကို(ကသာ)အတွက် ဖောင်ဒေးရှင်းအသိ အမှတ်ပြုဆုတံဆိပ်ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြရာ ဖောင်ဒေးရှင်းဒုတိယဥက္ကဋ္ဌ Lucky ဦးဘရန်မွန်းက ဖောင်ဒေးရှင်းစတင်ဖြစ်ပေါ်လာပုံ၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆုတောင်းခံချက်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ဖောင်ဒေးရှင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူက ငွေကျပ်သိန်း ၂၀ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ငွေကျပ်သိန်း ၆၀ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဇနီးတို့က ငွေကျပ် ၁၀ သိန်းနှင့်  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က ငွေကျပ် ၁၀သိန်း တို့ကို ဖောင်းဒေးရှင်း ဥက္ကဋ္ဌထံလည်းကောင်း၊ အသင်းအဖွဲ့များနှင့် အလှူရှင်များ၏လှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လည်းကောင်း လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် သိက္ခာတော်ရဆရာတော် ဦးစံမောင်က ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၏ (၁၀)နှစ်ပြည့်အတွက် အထူးဆုတောင်းဆက်ကပ်ပေးပြီး နာမည်ကျော်အဆိုတော် ဇုံးကိက ဖောင်ဒေးရှင်း (၁၀)နှစ်ပြည့် ဂုဏ်ပြုတေးသီချင်းသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကာ သိက္ခာတော်ရဆရာများက ဓမ္မဒေသနာတော်ဟောကြားခြင်းနှင့် ကောင်းချီးတောင်းခံဆုတောင်းပေးခြင်းတို့ကို နာယူခဲ့ကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ထွက်ပြေးတိမ်းရှောင်လာသော ပညာရေးဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်၊ မံစီမြို့နယ်များနှင့် ချီဖွေခရိုင်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များ၊ ဝိုင်းမော်မြို့နယ်တို့မှ ယာယီတိမ်းရှောင်လာသော ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ ၆၀၀ ကျော်တို့အတွက် ငွေကျပ် ၃၅၄၈၉၅၀၀ တန်ဖိုးရှိ ဆန် ၂၄ ပြည်ပါအိတ် ၃၁၅ အိတ်၊ ဆီ ၃၁၅ ပိဿာနှင့် ကြက်ဥများကို အသီးသီးပေးအပ်ခဲ့ကြရာ ဆရာမတစ်ဦးကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဝန်ထမ်းများသည် နိုင်ငံတော်အတွက် အရေးပါသည့်ဝန်ထမ်းများဖြစ်ပြီး ယခုလို တာဝန်ကျရာဒေသမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသော်လည်း နီးစပ်ရာနေရာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဝန်ထမ်းများနှင့် မိသားစုများနေထိုင်စားသောက်မှုအဆင်ပြေစေရေး အတတ်ဆုံးဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ကြာရပတ္တီး(ဘီ)နယ်မြေရှိ လာချိတ်နှစ်ခြင်းအသင်းတော် ယာယီတိမ်းရှောင်စခန်း Camp-2 သို့သွားရောက်ပြီး အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ စခန်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသော ချီဖွေခရိုင်အတွင်းရှိ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်များနှင့် ချန်းမောခုံး၊ ဖီမော်ဒေသတို့မှ အိမ်ထောင်စု ၇၀ တို့အတွက် ဆန် ၂၄ ပြည်ပါအိတ် ၇၀၊ ဆီပိဿာ ၇၀ နှင့် ကြက်ဥများကို အသီးသီးထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် မိသားစုများအတွက် လိုအပ်ချက်များကို တင်ပြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးက အားပေးစကားပြောကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးက စခန်းခြံစည်းရိုးကာရံနိုင်ရေး ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုမှ ကလေးငယ်များအတွက် မုန့်များကို ကျွေးမွေးပေးခဲ့ကြောင်း သိရသည်။