ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စုအတွင်းရှိ အသားတိုးကြက်မွေးမြူရေးခြံများ၌ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှု အခြေအနေများနှင့် ငွေပျော်စံပြကျေးရွာအတွင်း ဗန်းမော်ခရိုင်မှ ယာယီတိမ်းရှောင်မိသားစုများ နေရာချထားပေးနိုင်ရေး မြေနေရာပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၂၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးတွင် အဓိကကျသည့် သားငါးစားသုံးမှုဖူလုံလာစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ပလန ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးတွင် အသားတိုးကြက် မွေးမြူရေးခြံများတည်ဆောက်၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံ ဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ အဆိုပါ ငွေပျော်စံပြကျေးရွာအနီးရှိ မြေနေရာတွင် စီးပွားဖြစ်မွေးမြူဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးသိန်းဟန်၏ ကြက်ခြံသို့သွားရောက်ပြီး ကြက်ခြံကြီးများအတွင်း အသားတိုးကြက်ကြီးကောင်ရေ ၅၅၀၀ နှင့် ကြက်ပေါက်ကောင်ရေ ၆၀၀၀ မွေးမြူထားရှိမှုအခြေအနေများ၊ ကြက်ခြံများမှ စွန့်ပစ်အညစ်အကြေးများအား သဘာဝမြေသြဇာအဖြစ် ပြုပြင်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တိုးချဲ့ကြက်ခြံများအဖြစ် အရှည်ပေ ၁၂၀ ၊ ၄၀ ပေ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် အဆိုပါ ကြက်ခြံဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံပြီး  မွေးမြူရေးလုပ်ငန်းများအတွက် ကြက်သားပေါက်များနှင့် တိရစ္ဆာန်အစာမှာယူရရှိမှုအခြေအနေများ၊ ဒေသတွင်း ဈေးကွက်သို့ ဖြန့်ဖြူရောင်းချပေးနေမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ယခုလို စနစ်တကျ မွေးမြူနိုင်သည့် ပုဂ္ဂလိကပိုင်ကြက်ခြံများ တိုးပွားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်ခိုင်ဘွမ်တောင်ခြေရှိ ငွေပျော်စံပြကျေးရွာသို့ သွားရောက်ပြီး ငွေပျော်စံပြကျေးရွာအုပ်ချုပ်‌ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ တည်ဆောက်ပေးထားသည့် နေအိမ်အသစ်အများ၌ ယာယီတိမ်းရှောင်မိသားစုများ ထပ်မံ၍နေရာချထားပေးထားမှု အခြေအနေများနှင့် အဆိုပါ ထပ်တိုးနေရာချထားပေးသည့် နေအိမ်များဧရိယာအတွင်း မိုးရာသီတွင် ရေဝပ်နိုင်သည့် အခြေအနေများနှင့် ဗန်းမော်ခရိုင်အတွင်းမှ နေထိုင်လိုသော မိသားစုများအတွက် ယာယီနေအိမ်များဆောက်လုပ်၍ နေရာချထားပေးနိုင်ရေး မြေယာရှင်းလင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဝပ်တင်ကျန်မှု မရှိစေရေးအတွက် ရေထုတ်/ ရေလွှဲမြောင်း ဆောက်လုပ်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ တွက်ချက်တင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။