ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေဧက ၁၀၀ ထပ်မံ ဖော်ထုတ်နေမှု၊ နန့်ပလပ်ချောင်းသဲနှုန်းတူးဖော်နေမှု၊ ပမ္မတီး-ဂျေဂျေဒီကျေးရွာချင်းဆက် ဆောင်ရွက်ပြီးစီးမှုနှင့် ပူတာအို၌ ပထမဆုံးအကြိမ် ကျင်းပသည့် ပူတာအိုလိဒ် အမျိုးသားအလွတ်တန်း အမှတ် ပေးဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၃

          ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၂ ရက်က ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေဧက ၁၀၀ တိုးချဲ့ဖော်ထုတ်ပေးနေမှု၊ နန့်ပလပ်ချောင်း သဲနှုန်းပို့ချမှုကြောင့် ချောင်းရှင်းလင်းရေးအတွက် သဲနှုန်းတူးဖော်ထားရှိမှုနှင့် ပျက်စီးဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးနှင့် ပူတာအိုလိဒ် အမျိုးသားအလွတ်တန်း အမှတ်ပေးဘောလုံးပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ပူတာအိုမြို့နယ်၊ လွင်ပြင်ပတ်လမ်းပေါ်ရှိ မန်စေကျေးရွာ အုပ်စု၊ မန်စေကျေးရွာသို့ ထွက်ခွာ၍ ဝါးဆားကျေးရွာအတွင်းရှိ တောင်သူများအတွက် ပြည် နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် လယ်ယာမြေဧက ၁၀၀ ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုဘဏ္ဍာနှစ်တွင် ထပ်မံ၍ လယ်ယာမြေဧက ၁၀၀ တိုးချဲ့ဖော်ထုတ်ပေးလျက်ရှိသော နေရာသို့သွားရောက်ပြီး မြေလွတ်မြေရိုင်းများပေါ်ရှိ သစ်ပင်များအား ခုတ်ထွင်၍ လယ်ယာမြေဖော်ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လာမည့်စိုက်ပျိုးရာသီအမီ ဖော်ထုတ်ပေးနိုင်ရေးနှင့် မိုးစပါးအပြင် ဆောင်းသီးထပ်လယ်သီးနှံအဖြစ် ဆီထွက်သီးနှံဆီမုန်းညှင်း စိုက်ပျိုးနိုင်ရေး ညှိနှိုင်းပေါင်းစပ်‌ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်စေခွန်ကျေးရွာသို့သွားရောက်ပြီး ကျေးရွာအနီးဖြတ်သန်းစီးဆင်းသည် နမ့်ပလပ်ချောင်းအတွင်း ၂၀၂၅ ခုနှစ်အတွင်းက မိုးများ၍ နွယ်ဥဖန်တောင်ပြိုကျမှုဖြစ်စဉ်တွင် နမ့်ပလပ်ချောင်း၏ မြစ်လက်တက်ဖြစ်သည့် နမ့်တီချောင်း၊ နမ့်ပျဉ်ချောင်းတို့အပြင် နမ့်ပလပ်ချောင်းအတွင်း သစ်ပင်ကြီးများအပြင် သဲနှုန်းများ မျှောပါဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့သဖြင့် တောင်သူများ၏ လယ်ယာမြေဧက စုစုပေါင်း ၂၇၀ သဲနှုန်းဖုံးလွှမ်းခဲ့သည့်အပြင် ၁၇၇ ဧက ပျက်ဆီးဆုံးရှုံးခဲ့မှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ချောင်းများရေကြောင်းပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လယ်ယာမြေများ ပြန်လည်အသုံးပြုနိုင်ခြင်း ရှိ/မရှိ စိစစ်တင်ပြနိုင်ရေးနှင့် လယ်ယာမြေအသစ်ဖော်ထုတ်ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် ရှင်းလင်းဆောင်၌ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဦးက နမ့်ပလပ်ချောင်း သဲနှုန်းများဖုံးလွှမ်းမှုခဲ့ကြောင့် ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နမ့်ပလပ်ချောင်း အလျား ၂၃၀၀ ပေအတွက် သဲနှုန်းတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ချောင်းလက်တက် နမ့်တီချောင်း အလျား ၂၁၀၀ ပေအား တူးဖော်ရှင်းလင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်စေခွန်ကျေးရွာအုပ်စု မန်စေခွန်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (GRF)မှ ငွေကျပ် (၁၀၂ ဒဿမ ၇) သန်းဖြင့် ကျေးရွာနေအိမ်ထောင်စု (၅၇) အိမ်တို့အတွက် ရေကောင်းရေသန့် ရရှိရေး ဆောင်ရွက်ပေးခဲ့ သည့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရေရရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာခန်းမဆောင်၌ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်းပြောကြားပြီး ရပ်မိရပ်ဖတစ်ဦး၏ လိုအပ်ချက်များအပေါ် တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ်ရှယ်ရှီးဒီကျေးရွာအဝင်၌ ပမ္မတီး-ဂျေဒီဒီ လမ်းသဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် နမ်ရှယ်ရှီးဒီ-နမ်ရှယ်ဇွပ် ကျောက်လမ်းခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် နေရာသို့သွားရောက်ပြီး ဒေသခံလီဆူတိုင်းရင်းသားများက ရိုးရာအကဖြင့် ကပြဖျော်ဖြေပြီးကြိုဆိုမှုကို ကြည့်ရှုအားပေးခဲ့ကြကာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လမ်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ယူ‌‌ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပမ္မတီး-ဂျေဒီဒီကျေးရွာချင်းဆက်လမ်း သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် (၃)မိုင် ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ခရိုင်အားကစားကွင်းအတွင်း ပူတာအိုခရိုင်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ပူတာအိုလိဒ် အမျိုးသားအလွတ်တန်းအမှတ်ပေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုလိဒ်ဘောလုံးပြိုင်ပွဲအတွက် ကျင်းပရေးကော်မတီအဖွဲ့ဝင်များထံ ငွေကျပ်သိန်း  ၃၀ ကိုလည်းကောင်း၊ ဘောလုံးပြိုင်ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်အဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးသည့် Fitness Dance အကအဖွဲ့အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ ဘောလုံးအသင်း (၁၀)ပါ လိဒ်ပြိုင်ပွဲအတွင်း Glory FC အသင်းနှင့် BTK ကလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံဘောလုံးဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။  

          ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်၍ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိသည့် ပိုင်ရှင်ဦးအားခီ၏ ခြံသို့သွားရောက်ပြီး နေအိမ်ခြံဝင်းအတွင်း အသားတိုးဝက်များ မွေးမြူထားရှိမှု၊ ကြက်၊ ဘဲနှင့် ကြက်ဆင်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည်များမေးမြန်းကာ ကူညီဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။