မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက စည်ပင်သာယာဈေး(၁)နှင့် (၂) ကြား၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ/ ဈေးသားများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက နိုင်ငံတစ်ဝှမ်းဈေးကြီးများတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ သတိပြုလိုက်နာရမည့်အချက်များ၊ မီးလောင်မှုအပါအဝင် သဘာဝဘေးဖြစ်စဉ်များ၊ အခြားမတော်မဆမှုများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ပြည်သူများကိုယ်တိုင် တိုက်ရိုက်သတင်းပေးပို့နိုင်သည့် 191 Report Mobile Application ရယူအသုံးပြုနည်းများနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုအားဖုံးအုပ်ငြှိမ်းသတ်ခြင်းနှင့် ဂက်(စ်) မီးလောင်မှုအား မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်(၁) မီးလောင်မှုအား ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ မီးငြှိမ်းသတ်ကားများဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လက်တွေ့ဇာတ်တိုက် သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်စဉ်ကို ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားခြင်းသည် ထိရောက်သော လုပ်ငန်းစဉ်ဖြစ်ပြီး ဝန်ထမ်းများနှင့် ဈေးသူ/ ဈေးသားများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဂုဏ်ပြုပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၁၅ သိန်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင်မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ဧရာဝတီမြစ်ဆိပ်မှတစ်ဆင့် ဧရာဝတီမြစ်လယ်ရှိ နောင်တာလောရေလယ်ကျွန်းသို့ သွားရောက်ခဲ့ကြသည်။
ထို့နောက် ရေလယ်ကျွန်းပေါ်၌ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအုပ်စုကမ်းဘက်၌ ဧရာဝတီမြစ်ရေသည် သဲသောင်ဖြစ်ပေါ်မှုကြောင့် ရေသေအင်းအဖြစ် ဖြစ်ပေါ်လျက်ရှိရာ အဆိုပါ နောင်တာလောရေလယ်ကျွန်းတွင် သဲနုန်းပို့ချမှုကြောင့် ဝိုင်းမော်မြို့နယ်ဘက်ကမ်းရှိ နောင်တာလောကျွန်း Secondary Channal တူးဖော်ခြင်းလုပ်ငန်းအား အလျားပေ (၉၀၀၀)၊ အကျယ် (၁၃၀)ပေ၊ အနက်ရေစစ် မျဉ်းအောက် (၂)မီတာအထိတူးဖော်နိုင်ရေး မုန်စုပ်စက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သတ်မှတ်ပုံစံအတိုင်း တိုင်းတာရှင်းလင်းဆောင်ရွက်သွားမည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ရေလယ်ကျွန်းပေါ်ရှိ ရှင်းလင်းဆောင်၌ သဲသောင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်သွားမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအနက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများတွင် ဗလမင်းထင်တံတားအောက် သဲသောင်တူးဖော်ခြင်းနှင့် နောင်တာလောရေလယ်ကျွန်း Secondary Channal တူးဖော်ဆောင်ရွက်သွားနိုင်ရေး သတ်မှတ်ထားသည့် ဒီဇိုင်း၊ အတိုင်းအတာတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် သောင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မည့် ဒေသခံ လုပ်ငန်းရှင်များက သောင်တူးဖော်ခြင်းအတွက် လုပ်ငန်းအစီအမံများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေး နွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်ရေးဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး ယခုလို ဒေသခံလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချက်ပုံစံ၊ သတ်မှတ်ဒီဇိုင်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တူးဖော်ရှင်းလင်းနိုင်ရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝိုင်းမော်မြို့နယ်ဘက်ကမ်းရှိ နောင်တာလောကျွန်း Secondary Channalတူးဖော် ခြင်းအား အလျားပေ (၉၀၀၀)၊ အကျယ် (၁၃၀)ပေ၊ အနက်ရေစစ် မျဉ်းအောက် (၂)မီတာအထိ တူးဖော်သွားမည်ဖြစ်သဖြင့် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်ဘက်ကမ်းရှိ ကျေးရွာများ ကမ်းပြိုတိုက်စားမှုမှ ကာကွယ်နိုင်မည်ဖြစ်သည့်အပြင် ဒေသခံစက်လှေများ တစ်နှစ်ပတ်လုံးသွားလာနိုင်မည်ဖြစ်ခြင်းနှင့် ရေလမ်းကြောင်းဖြောင့်တန်းစေခြင်းကြောင့် မျှော်မှန်းရေလမ်းကြောင်း Master Planအား အထောက်အကူပြုစေမည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေမြင့်တက်မှု ၁၄၅၀ စင်တီမီတာအထိ ကာကွယ်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွင်း ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် အင်ဂျန်းခချောင်းရေထိန်းတံခါး၊ ရေကြည်ချောင်းရေထိန်းတံခါးများအပါအဝင် ရေလျှံတားနံရံနှင့် တမံအလျား စုစုပေါင်း (၁၅၄၅)ပေအထိ တည်ဆောက်လျက်ရှိပြီး မြို့တွင်း၌လည်း စည်ပင်ဆိပ်ကမ်းမှ လောကမာန်အောင်ဆုတောင်း ပြည့်စေတီတော်ဆိပ်ကမ်းအထိ ရေလျှံတားအုတ်ရိုးစီကာရံခြင်းလုပ်ငန်း အလျား (၄၁၆၉) ပေကို ဆောင်ရွက်ထားနိုင်ခဲ့ကြောင်း သိရသည်။








