မြစ်ကြီးနား မတ် ၇
ကချင်ပြည်နယ်အတွင်း တတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီက ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အသီးသီး၌ ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပရန် ကြေညာပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်အစည်းအဝေးစတင်ကျင်းပမည့်ရက်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ကြရန်၊ သို့မှသာ နိုင်ငံတော်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် အာဏာသုံးရပ်ဖြင့် အပြန်အလှန်ထိန်းကျောင်းဆောင်ရွက်နိုင်သည့် ဒီမိုကရေစီကျင့်စဉ်စနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် အလေးအနက်ထားဆောင်ရွက်ကြရန် လိုပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယိန်းညော်က တတိယအကြိမ် ကချင် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးဖြင့် ကျင်းပနိုင်ရေး လွှတ်တော်ရုံးမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ထပ်ဆင့်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ အုပ်ချုပ်ထောက်ပံ့ဆောင်ရွက်ပေးသွားရမည့် အစီအစဉ်များနှင့် လွှတ်တော်မိတ်ဆက်တွေ့ဆုံပွဲ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ယနေ့နံနက် ၇ နာရီခွဲကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်း ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်ရှိရာ ရွှေမိုးတောင်ခြေ၌ တဖက်နိုင်ငံသို့ တင်သွင်းမည့်စိုက်ပျိုးရေးသီးနှံများနှင့် တစ်ဖက်နိုင်ငံမှ သွင်းကုန်ပစ္စည်းများအား တရားဝင်ဖြစ်စေရေးနှင့် ဒေသတွင်းကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးတို့အတွက် သွင်းကုန်လိုင်စင်ဖြင့် တရားဝင်တင်သွင်း ခွင့်ပြုနိုင်ရေး၊ ကျသင့်အခွန်အခများရရှိရေးတို့အတွက် တရားဝင်ကုန်သွယ်မှုနှင့် စစ်ဆေးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များပါဝင်သည့် ကံပိုင်တည် OSS အဖွဲ့ ယာယီရုံးဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေမှုအခြေ အနေများနှင့် ဝိုင်းမော်ပင်မဓာတ်အားခွဲရုံဝင်းအတွင်း ယာယီရုံးများဖွင့်လှစ်နိုင်ရေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရ အရှေ့အလယ်ပိုင်းဒေသတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများသယ်ယူပို့ဆောင်ရာ တွင် ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဒေသတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေအပေါ် အလျင်အမြန်ထိရောက်သည့် Quick Win လုပ်ငန်းများ အကောင် အထည်ဖော်နိုင်ရေး အကျိုးရှိထိရောက်မှုမြန်ဆန်သည့် လုပ်ငန်းများရေးဆွဲတင်ပြဆောင်ရွက်နိုင်ရေးအတွက်လည်း ကောင်း၊ တစ်ဖက်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်ပစ္စည်းများ တရားဝင်ကုန်သွယ်ခွင့်နှင့် ကျသင့်သည့် အခွန်အခများ ရရှိရေးအတွက် ဝိုင်းမော်မြို့နယ်အတွင်း ကံပိုင်တည် OSS အဖွဲ့ ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာခေါင်းစဉ်အလိုက် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

